ငုဝါ တိုက်ခန်းရှေ့ရောက်တော့ တံခါးပိတ်ထားလျက်။ ကျောင်းမသွားခင်အချိန်ကိုရောက်အောင်လာပေမယ့် ဘယ်သူမှရှိမနေ။ ကျောင်းကိုတော့ သူမလိုက်မသွားချင်ပါ ရှက်စရာကြီးမဟုတ်လား။ ဖုန်းထပ်ခေါ်ကြည့်တော့လည်းမရ။
ညနေမှတခေါက်ထပ်လာရန်စဉ်းစားပြီး တိုက်ခန်းဆီမှ လှည့်ပြန်လာခဲ့သည်။ ကျောင်းကိုလည်း မနက်၇နာရီ အစောကြီးသွားစရာမလိုပါဘူး သူမနှင့်အတူနေစဉ်အခါက ဒီအချိန်ဆို မနက်စာပြင်နေကြတုန်းရှိသေး။ အတူရှိခဲ့တဲ့အချိန်တွေပြန်စဉ်းစားကြည့်တော့ လင်းထက်နဲ့နေခဲ့ရတာ အရမ်းကိုသက်သောင့်သက်သာဖြစ်စေသည် နွေးထွေးစေသည်။ သူမအတွက်စဉ်းစားပေးတတ်ပြီး အိမ်မှုကိစ္စကအစ အတူကူညီလုပ်ကိုင်ပေးတတ်သည်။ မနက်စာအတွက် sandwich လုပ်နေစဉ် ဘေးကနေ ခရမ်းချဉ်သီးလှီးပေးတတ်သည် ပန်းကန်တွေ ပြင်ဆင်ပေးတတါသည်။ တခါ သူမ အအေးမိပြီးနေမကောင်းြဖစ်စဉ်ကဆို ပြာပြာသလဲပြုစုပေးသည်။ မပြုတ်တတ်ပြုတ်တတ်နဲ့ လုပ်ပေးတဲ့ ဆန်ပြုတ် မကျက်တာတွေကြည့်ရင်း သူမမှာ ရယ်မိသည်အထိ။ တကယ် အထက်တန်းကျောင်းသားတယောက်လို့ မထင်ရလောက်အောင် သူပုံစံက လူကြီးလူကောင်းတယောက် ဆန်လွန်းလှပါသည်။
" လင်းထက်ရေ နင်သာ ချာတိတ်လေးမဟုတ်ဘူးဆို ငါနင့်ကို ငါ့အနားက မထွက်သွားအောင် သေချာဆွဲထားမိမှာ ။ ခုလည်း နင့်ကို ငါတို့လိုအပ်နေတာမို့ စိတ်မနာဖို့နဲ့ ငါတို့ကိုဂရုစိုက်ပေးဖို့ မျှော်လင့်မိပါတယ်။ ကျန်တဲ့ပြဿနာတွေ အတူတူရင်ဆိုင်ဖြေရှင်းကြတာပေါ့ မဟုတ်ဘူးလား"သူမ မိုတယ်ပြန်ရောက်တော့ အိပ်ယာပေါ်လှဲရင်း ဝယ်ဖို့တိုက်ခန်းတွေ အင်တာနက်မှ လိုက်ရှာကြည့်မိသည်။
.................................................................................
လင်းထက် ဟော်တယ်မှာ မနက်စာစားဖို့ အလာတွင် အိမ်တော်ထိန်းကြီးအပြင်လူနှစ်ယောက်ကိုတွေ့လေသည်။ သူဂရုမစိုက်စွာပဲ သူတို့ဘေးမှဖြတ်လျှောက်လာတော့
"သခင်လေးရဲ့ အဘိုး USကဆေးရုံမှာ သတိရလာပြီတဲ့။ သခင်းလေးကို သူ့ဆီလာဖို့ပြောလိုက်တယ်တဲ့"အဘိုးသတိရလာပြီဆိုတဲ့အသံကြောင့် ခြေလှမ်းတို့ရပ်မိသည်။ နောက်ထပ်ပြောလာမည့်သတင်းစကားကိုနားစွင့်နေတော့
" သခင်လေးနဲ့ ကိုယ်တိုင်စကားပြောချင်တယ် ပြောပါတယ် ။ သခင်လေးသွားဖို့ အဆင်ပြေမယ်ဆို ဒီမနက် ၁၀နာရီလေယာဉ်စီစဉ်ပေးထားပါတယ်"
" အဘိုးက တကယ်ပဲ သတိရလာပြီလား ။ ပြောတော့ ပြန်သတိရလာဖို့ မသေချာတော့ဘူးဆို"