" ဒီနေရာကို...ရေပြာကန်လေးလို့ခေါ်တယ်...။"
စိမ်းစိုနေတဲ့သစ်ပင်တွေကြားထဲ တော်တော်ကျယ်ကျယ်ရှိနေတဲ့ရေပြာကန်ကြီးပါ။ အုံးမှိုင်းနေတဲ့သစ်ပင်တွေမဟုတ်တာကြောင့် နေရောင်ခြည်ကောင်းကောင်းရပြီး ကန်ဘောင်တစ်ဝိုက်ပန်းတစ်ချို့က ဝေဆာနေအောင်ပွင့်နေတဲ့နိဗ္ဗာန်လေးကို နွယ်တင်စီးခေါ်ခဲ့တာ ရေပြာကန်လေးလို့။ အလင်းရောင်ဖြာကျလာတိုင်းအရောင်တလဲ့လဲ့တောက်နေတဲ့ရေပြာကန်က နွယ်ရဲ့ ကိုယ်ပိုင်နယ်မြေလေး၊ ကိုယ်ပိုင်ရပ်ဝန်းလေး၊ ဘယ်သူမှဝေမျှဖို့မစဉ်းစားဖူးတဲ့နေရာလေးမှာ တစ်စုံတစ်ယောက်ရဲ့လက်ကိုဆွဲပြီး နွယ့်ကမ္ဘာလေးကိုမိတ်ဆက်ပေးနေမိတယ်။တစ်စုံတစ်ယောက်လေးရဲ့မျက်လုံးနက်လေးတွေက ရေပြာကန်နဲ့အပြိုင်လဲ့လို့ ၊ လားရာတိုင်းကနွယ့်ကိုငေးလို့။
" ဒီမှာထိုင်..။"
ကန်ဘောင်ဘေးကိုဆွဲခေါ်တဲ့တိုင်အောင် အနှီးလူသားလေးကငြိမ်သက်နေတုန်း။ တစ်ဖက်အက်နေတဲ့မျက်မှန်နဲ့ကောင်မလေးက တစ်ကယ့်ကိုကြောင်စိစိလေးနဲ့။ နွယ်အနားတိုးလာတော့ မျက်လုံးမှေးတွေကျယ်သွားတာမြင်လိုက်တယ်။ ခေါင်းကဒဏ်ရာက သေချာကြည့်ကြည့်တော့ နာထင်နားလေးမှာ အကြီးမငယ်ဒဏ်ရာကိုတွေ့ရတယ်။ အသာတို့ပြီး....
" နာလား..။"
" ဟင့်အင်း.."
" မဖြစ်နိုင်တာ..။"
အပေါ်ထပ်အကျီကိုချွတ်ပြီး ကန်ထဲကရေကိုစွတ်တယ်။ ရေစိုနေတဲ့အဝတ်နဲ့အနားတိုးလာတဲ့နွယ့်ကိုသူက မေးခွန်းတွေအပြည့်နဲ့ကြည့်နေတယ်။ပြီးတော့ မေးတယ်။
" ဘာလုပ်မလို့လဲ..။"
" သွေးတွေသုတ်ပေးမလို့လေ..၊ အခုလိုကနေရခက်နေမှာပေါ့..။"
" မလိုပါဘူး..၊ မျက်နှာသစ်လိုက်ရင်ဘဲ..ရပြီ..။"
ထသွားဖို့လုပ်နေတဲ့အကြောတင်းလေးပါပဲ။ လက်မောင်းကိုဆွဲထားပြီး သူ့မျက်နှာလေးကိုပင့်ပစ်တယ်။ မျက်မှန်ကိုချွတ်လိုက်ပြီး မျက်ခုံး၊ မျက်ခွံတစ်ချို့မှပေနေတဲ့သွေးတွေကို ဂရုတစိုက်သုတ်ပေးနေမိတယ်။ နာထင်နားလေးကဒဏ်ရာဟာဆိုလဲ ကြီးကြီးမားမားမဟုတ်ဘဲ ပေါက်ထားရုံမို့တော်သေးတယ်ပြောရမလား။နို့မဟုတ်ရင် ဒီကောင်မလေးတစ်ကယ်ခက်တော့မှာ။
YOU ARE READING
သို့/ မောင်
Romance°ငါမောင့်ကိုတစ်ခါမှမမုန်းဖူးပါဘူး..မောင့်အတ္တတွေကိုကြောက်လွန်းလို့..ချစ်ခြင်းမေတ္တာရပ်ဝန်းလေးထဲ..ခြေမချချင်ခဲ့တော့ရုံလေးပါ...°