အခန်း-၁၃

131 2 0
                                    

Dear Tharapa
                           (ချစ်သော သရပါ)

အခန်း (၁၃)

" သခင်"

အို...သခင်၊ သခင့်မျက်ဝန်းတွေကိုမော်ဖူးခွင့်ပေးလှည့်ပါ။
အို...သခင်၊သခင့်ရဲ့အပြုံးတွေကိုသီထားခွင့်ပေးလှည့်ပါ။
အိုသခင်... သခင့်ရဲ့အပါး ခစားခွင့်ပေးလှည့်ပါ။
သခင့် ကျွန်...သခင့်အစေအပါး...သခင့်ရဲ့အသုံးတော်ခံ...သခင့်ရဲ့နာမကျန်းမှုတွေကိုခံယူခွင့်ပေးလှည့်ပါ...
အို...သခင်... မြင်လှည့်ပါ... 
နတ်ဘုရားတွေ ဒဏ်ခတ်တာထက် သခင့်ရဲ့ အမျက်တော်တွေကို မြတ်နိုးစွာခံယူပါရစေ သခင်....
ကျွန်မရဲ့သခင်မြင်လှည့်...ကျွန်မရဲ့သခင်ကြင်လှည့်ပါ ။

~သရပါ~

##

"နန်းလုံ....နန်းလုံ ဘာတွေငိုင်နေတာလဲ "

ရှေ့တွင်မြင်နေရသော ခပ်ညို့ညို့တောအုပ်ကြီးနှင့် တောင်တန်းများကိုငေးမောနေရင်း ခေါ်သံကြောင့် အတွေးစသို့ပြန်လည်ရုပ်သိမ်းလိုက်ရသည်။

"ဒီမှာကြည့်စမ်းပါဦး သူလျှိုထင်တယ် မိုင်းကွင်းနားမှာ ပစ်ထားတာတွေ့လို့...အသက်ကောရှိသေးရဲ့လားမသိဘူး"

သူမ ဝါးပက်လက်ကုလားထိုင်ပေါ်ထိုင်နေရာမှထလိုက်ပြီး  ဆေးပြောင်းအား ဘေးတစ်ဖက်ရှိ စားပွဲပေါ်သို့ချကာ  "အားမူစေး" ညွှန်ပြသော သတိလစ်မေ့မြောနေသည့် ဒဏ်ရာဗလပွနှင့်လူငယ်အနီးထိုင်ချပြီးသေချာအကဲခတ်လိုက်လေသည်။  ခန္ဓာကိုယ်အနှံ့စမ်းသပ်ရှာဖွေလိုက်ပြီး

"ဘယ်အဖွဲ့အစည်းကမှတော့မဟုတ်ဘူး... ပိုက်ဆံအိတ်တွေ ဖုန်းတွေ ဘာမှမတွေ့ဘူးလား မှတ်ပုံတင်ဖြစ်ဖြစ် "

အားလုံးခေါင်းခါပြကြသည်။

"ဒါဆို ဓါးပြတိုက်ခံရတာပဲဖြစ်မယ်... ကံကောင်းလို့မသတ်သွားတာ ဒီနယ်မြေများတစ်ယောက်တည်းလာရတယ်လို့ ကြည့်ပါဦး ပျော့တိပျော့ဖတ်နဲ့လူပုံကိုက ဘိန်းစားရုပ်နဲ့"

ပြောသာပြောလိုက်ရသည်...ဒဏ်ရာတွေနှင့်ဖူးယောင်နေသည့်ကြားကပင် နှာတံစင်းစင်းနှင့် သာမန်ထက်ပိုချောသောယောကျာ်းတစ်ယောက်ဟုသူမသတိထားမိခဲ့၏။
ဒဏ်ရာများက အတော်များသဖြင့် ဆေးထည့်ပြီး အနာများအားကျပ်စည်းမှရမည်ဖြစ်သောကြောင့် အလျင်အမြန်ပင် ကိုလူချောအား ဆေးကုပေးရန်ညွှန်ကြားလိုက်လေသည်။

Dear Tharapa Where stories live. Discover now