အကို ဟိုအိမ်ပေါ်တက်သွားပြီးကတည်းက ဖုန်းမဆက်တာ နှစ်ရက်နဲ့ ရှိပြီ။ ဒီညနဲ့ဆိုရင် နှစ်ရက်နဲ့တစ်ည ရှိပြီ။ အဆင်မှပြေရလားမသိဘူး။ ငါဆက်လို့သင့်ရဲ့လား။ ဘာလို့မသင့်ရမှာလဲ ငါက လက်ရှိသူ့ချစ်သူပဲလေ။ ဖုန်းခေါ်လိုက်တော့ တော်တော်အကြာမှ ကိုင်တဲ့အကို။
"အကို ဖုန်းပြောလို့အဆင်ပြေလား"
"မောင် နေကောင်းတယ်မလား။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော် ငါဘေးမှာမရှိပေးနိုင်ဘူး"
"စိတ်ပူရင်လဲ ဘာလို့ထွက်သွားသေးလဲဗျာ။ ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်နေမလဲ အကိုမစဉ်းစားမိဘူးလား။ ဘယ်လိုစိတ်နဲ့များ ဖုန်းမဆက်ပဲနေနိုင်ရတာလဲ"
ဖုန်းမဆက်လို့ စိတ်ကောက်တာလား။ မောင်က အရမ်းချစ်ဖို့ကောင်းတာ။ ကျွန်တော့်ကို စိတ်နာပြီး အပြစ်တွေပြောမယ်ထင်ထားတာ။ သူခံစားချက်တွေကို မျိုသိပ်ထားတဲ့နေရာမှာ တော်သောမောင်ပါလေ။
" အကိုနားထောင်နေလား"
"အင်း နားထောင်နေပါတယ်။ ငါဘာပြောရမှန်းမသိတော့ဘူး"
"ဘာမှမပြောနဲ့ ကျွန်တော်မေးတာပဲဖြေ"
"အင်း.."
"ထမင်းစားပြီးသွားပြီလား"
"အင်း အခုပဲပြီးတယ်"
"အိပ်တော့ရော ဘယ်မှာအိပ်လဲ"
"အရင် နေခဲ့တဲ့အခန်းထဲမှာပဲ အိပ်တယ်မောင် So Hyoon ကတော့ ဘေးအခန်းမှာ"
"သူရော ဘယ်လိုနေသေးလဲ"
"သူလား အိပ်ယာပေါ်လှဲနေရတာ များတယ်။ သွေးနဲ့ဆေးက တစ်လှည့်သွင်းနေရလို့ရယ်"
"သူ့ကိုစိတ်ပူလား"
"သူ့ငြိမ်းချမ်းရာကို ရှာမတွေ့မချင်း သူခံစားရဦးမှာလေ။ အခုချိန်က စိတ်ပူရမယ့်အချိန်မဟုတ်ပဲ.."
"ကျွန်တော်ကို့ချစ်သေးလား"
"မောင်ရယ် ချစ်တာပေါ့။ မင်းကို ငါသိပ်ချစ်တာ"
"ကျွန်တော်ယုံတယ်"
"ငါ့ဆုံးဖြတ်ချက်ကို လက်ခံပေးလို့ကျေးဇူးပါမောင်။ ငါလေ အမုန်းတွေ နောင်တတွေ မရှိတဲ့ ဘဝမှာ မင်းနဲ့အတူနေချင်တာ။ အဲ့ဒါကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာပါ"
