တခါက နံနက်ခင်း
အလင်းရောင်သန်းတာနဲ့
ထမင်းကြမ်းခဲကို ငါးပိရည်ဆမ်းပြီး
ရေနွေးကြမ်းကိုအဖော်ပြု
မငြီးငြူ စတမ်း
ဝမ်းရေးကိုဖြည့်
ပြည့်ဝမ်းစာအတွက်
လယ်ကွက်ကိုဆင်း
ဖန်တီးရှင်အလား
ချစ်သောနွားများနဲ့
နေ့စဉ်ရက်ဆက်
အားတက်သရော
မမောမပမ်း
ဘဝကြမ်းကြမ်း
ခရီးလမ်းကို
ငြိုငြင်မှုကင်းမဲ့
နှစ်သက်ခုံမင်စွာဖြင့်
လျှောက်ခဲ့ဘူးပါသည်။
ဒီအချိန် ဒီအခါမှာတော့
နံနက်ခင်း အာရုံဦး
မြူးကြွကာတေးသီ
အဝေးဆီကာ ကျေးငှက်တို့၏
သံသာတေး အလှမ်းဝေးခဲ့ပေမဲ့
လွမ်းတေးအဖြစ် ထင်ကျန်ရစ်ဆဲပါ
ရနံ့သင်းသည့် တောပန်းအသွယ်သွယ်
လွမ်းမောဖွယ်အဖြစ် ပြန်ဖြစ်နေပြီ။
ငါးပိရည်ဆမ်းသည့်ထမင်းကြမ်း
အခါခါလွမ်းတမ်းတမိ၏။
ရနံ့သင်းသင်း စပါးခင်းတွေ
ကြမ်းမစုံသည့် တဲအိုကလေးကို
အမြဲလိုလို လွမ်းအားပို၍
နေညိုညို ညနေချမ်း
တသသ တမ်း
လွမ်းနေဆဲ လွမ်းနေမြဲပါ။
TH