မက်သရူးနိုးလာတော့ မနက်းငါးနာရီပင်။
”ဟာ ကိုကို ကျွန်တော့်ကို ဘာလို့ မနှိုးတာလဲ”
”အာ မက်ချူး အိပ်ရေးပျက်မှာ စိုးလို့”
”ကိုကိုကတော့ လုပ်ပြန်ပြီ။ ခု ထလို့ ရလား။ ခြေထောက်တွေ ထုံနေတာမလား။ လှုပ်လိုက်ရင် ကျင်နေတော့မှာပဲ”
မက်သရူးက သူ့ခြေထောက်ကို ခပ်ဖွဖွကိုင်ရင်း တဗြစ်တောက်တောက်ဆူနေတဲ့ပုံက ချစ်စရာကောင်းနေတာမို့ ခြေထောက်ထုံနေတာပင် သတိမရဘဲ
”ပြွတ်စ်”
နှုတ်ခမ်းကို လှမ်းနမ်းလိုက်တာပေမယ့် တကယ်တမ်းနမ်းမိသွားတာက မက်သရူးပါးဖောင်းဖောင်းလေးတွေကိုပင်။ မက်သရူးက အလစ်ခံရတာမို့ကြောင်သွားသလို ဟန်ဘင်းကလည်း ခြေထောက်ကို ကြွလိုက်သလို ဖြစ်သွားတာမို့ ကျင်ခနဲနေကာ
”အား”
“ကောင်းတယ် နည်းတောင်နည်းသေးတယ်”
မက်သရူးက ဆူပုတ်ပြီး ဆူနေတာမို့
”နမ်းတာ နည်းတယ်လို့ပြောတာလား”
မက်သရူးက မျက်စောင်းနဲ့အတူ ထုံနေတဲ့ ဟန်ဘင်းခြေထောက်ကို ထုလိုက်တာမို့
”အား”
ဆိုတော့
”ဖွဖွ"
တဲ့ ဒီလိုတော့လည်း သူ့အချစ်ကလေးက သူနာနေတာကို စိတ်ပူသားပဲ။
”ထနိုင်လား။ ကျွန်တော် တွဲပေးမယ်။ ကိုကို အခန်းထဲမှာ ခဏနားပါ့လား”
မက်သရူးတွဲခေါ်တဲ့နောက် ဟန်ဘင်း ပါလာပြီး အခန်းထဲရောက်တော့ ဟန်ဘင်းကို ကုတင်ပေါ်လှဲလိုက်တော့ မက်သရူးက ဟန်ဘင်းခြေသလုံးတွေကို ခပ်ဖွဖွလေးနှိပ်ပေးနေခဲ့တာ။ ပျော်တာရော ကြည်နူးတာရော ဟန်ဘင်းရင်ထဲမှာ မြစ်တစ်စင်းလို စီးဆင်နေတာ။
”ကိုကို အိပ်လိုက်တော့လေ။ သူတို့လည်း ကိုးနာရီကျော်လောက်မှ နိုးကြမှာပါ”
” အင်း မက်သရူးရော”
”ကျွန်တော်က….”
”ကိုကို မထုံတော့ဘူး ။ မက်သရူးလည်း သေချာမှ အိပ်ရေးမဝတာ။ ဒီမှာပဲ အိပ်မလား”
