မေ ဆိုင်သွားဖို့ ပြင်နေတုန်း အခန်းထဲမေမေဝင်လာသည်။
မေ့ ပါးနှစ်ဖက်ကိုနမ်းရှုံ့ကာ ခေါင်းလေးကိုဖွဖွ ပုတ်ပေးနေသည်။(အမေ့အချွဲတုံးလေး မရှိပဲ နောင်နေ့ရက်တွေကိုဘယ်လိုဖြတ်သန်းရပါ့မလဲ)
မျက်ရည်စို့လာသော မေမေ့မျက်ဝန်းတွေကို ဖွဖွလေး နမ်းရှိုက်မိတယ်။
(ဟင့်အင်း မေမေ မငိုရဘူး၊ မေမေမျက်ရည်မကျရဘူး၊ မလိမ္မာခဲ့တဲ့သမီးမိုက်အတွက် မေမေ့မှာ ငိုစရာမလိုပါဘူး မေမေရယ်။)
ကိုယ်စီ အတွေးတွေဖြင့် တယောက်ကိုတယောက် ပွေ့ဖက်ထားကြသည်။
မသင်္ကာစရာကောင်းလောက်အောင် တအိမ်လုံးတိတ်ဆိတ်နေတာကြောင့် အိမ်ပြန်လာသော ဖခင်ဖြစ်သူ ဉီးကောင်းငယ်
ဇနီးဖြစ်သူနှင့် သမီးအား ခေါ်လိုက်၏။"ခင် မေကြီးရေ ၊ ခင်ရေ ၊ နှင်းနှင်း ရေ
ပါးပြန်လာပြီ"အောက်ထပ်မှပါးပါးအသံကြားတာကြောင့် မေတို့သားအမိနှစ်ယောက် မျက်ရည် ကဗျာကယာ သုတ်ကာ ဆင်းလာကြသည်။
ဖခင်ဖြစ်သူအားတွေ့မှ မေတယောက် ပြေးဖက်ကာ ငိုပါတော့သည်။"သမီးကို ပစ်ထားတယ်ပါးက၊ လွမ်းနေတာကိုမသိဘူးလား "
"သမီးရဲ့မွေးနေ့အထိ ပါးကခွင့်ယူထားတယ်သမီး"
"တကယ်"
"တကယ်ပေါ့ ဒီတစ်ခါအကြာကြီးနေမှာ"
ရင်ခွင်ထဲပြေးဝင်ကာ ငိုယိုချွဲနေသော အချွဲတုံးလေးနဖူးအား ဉီးကောင်းငယ် နမ်းရှိုက်လိုက်သည်။ ထိုမြင်ကွင်းကိုမြင်နေသော
ဒေါ်ခင်မေအဖို့ ဝမ်းနည်းလာရပြန်သည်။(နောက်ဆို ဒီလိုပုံရိပ်လေးမတွေ့ရတော့ဘူး၊၊သမီးလေးရဲ့ ရယ်သံလေးနဲ့ ဆိုးနွဲ့သံလေးမကြားနိုင်တော့ဘူး။ဖြစ်နိုင်ရင် အချိန်တွေကိုဒီနားမှာပဲ ရပ်ထားပစ်ချင်တယ်၊ ဘယ်နှရက် ကုန်သွားပြီဆိုပြီး လက်ချိုးမရေတွက်ချင်တော့ဘူး၊ ချက်ချင်းအနားကပျောက်သွားမလားဆိုပြီး မထိတ်လန့်ချင်တော့ဘူး၊)
တဖြည်းဖြည်း ပိန်ကျလာတဲ့ မေ့ပါးမို့မို့လေးကို ဒေါ်ခင်မေသတိထားမိလာတယ်။
အတွေးတွေဖြင့် မျက်ရည်ဝိုင်းနေသော ခင့်ကို ဉီးကောင်းငယ်က ထွေးဖက်လိုက်သည်။