"ဟူးးးး"
ရှင်းခန့်ထည် သက်ပြင်းရှည်ကြီးချပြီး တွေးနေဆဲ အတိတ်ကနေ လက်ရှိဆီပြန်ရောက်လာသည်။ လက်ဖွဲ့အနေနဲ့ ပေးလိုက်တဲ့ music box လေး ဖွင့်ကြည့်လိုက်တော့ သိပ်ချစ်ခဲ့ရတဲ့ မမရဲ့ အသံအေးအေးကလေး ဂီတာလေးတီးလို့ သီချင်းပေါင်းများစွာကို ဆိုထားပြီး ကဒ်လေးထဲ သိမ်းထားခဲ့ပုံ။ ဘယ်လောက်ပဲ နေနိုင်ပါပြီ ပြောပြော တစ်ယောက်တည်းရှိတဲ့အချိန် မမအသံလေးကို ကြားလိုက်ရတော့ ပြေးတွေ့ချင်စိတ်က ဖွားကနဲ။ ခုထက်ထိကို အသံလေးကြားရုံနဲ့ အပြုံးတို့က ဝေဆာလျှက်။ ဂီတာသံလေးကြားရတော့ ပထမဆုံးအကြိမ်ဆိုပြတဲ့ညကို ပြန်တွေးမိပြန်တယ်။ ဒီသီချင်းတွေဆိုနေတုန်းကလည်း အဲ့ဒီညကလို ငိုနေအုံးမလား နာကျင်နေမလား။
ညအချိန်ကိုကြည့်တော့ ည9နာရီပင်ထိုးပြီ။ သူဒီနေရာမှာထိုင်တာ ဘယ်လောက်ကြာသွားပြီမသိ။ ငယ်လေးကလည်း မရောက်သေးပေ။ မမဆီက လက်ဖွဲ့ဗူးးလေးကို အဝတ်ဗီဒိုထဲ သေချာသိမ်းထည့်ပြီးတဲ့နောက် ရေချိုးခန်းဆီ ခြေလှမ်းတို့ပြင်လိုက်စဉ် ထွက်ပေါ်လာတဲ့ ဖုန်းမြည်သံကလေး။ ဖုန်းနံပါတ်မှာ အစိမ်း ဘယ်သူမှန်းလဲမသိချေ။
"ဟလို"
"ဟလို ရှင်းခန့်ထည်လား"
"ဟုတ်ကဲ့ ဘယ်သူလဲမသိဘူး"
"ငါ မေ့သူငယ်ချင်း မှူး"
"ဘာကိစ္စရှိလို့လဲ"
"မေက မပြောဖို့မှာထားပေမဲ့ သိစေချင်လို့"
"ဘာအတွက်"
"နောင်တရစေချင်လို့"
"အရင်က အကြောင်းတွေဆို ကျွန်တော်မသိချင်ဘူး"
"နင်မသိချင်လည်းနားထောင်လိုက်"
ဒေါသသံစွက်နေတဲ့ သွယ်မှူးခင်ရဲ့အသံမှာ တုန်တုန်ယင်ယင်။
"နင်ယူတဲ့ မိန်းမကို မေကတစ်ခါမှ မလုပ်ကြံခဲ့ဘူး
နင့်ကိုရော နင့်အမေကိုရော။ နင့်companyမှာဖြစ်သွားတဲ့ကိစ္စကိုလည်း မေ ဘာတစ်ခုမှမသိခဲ့ဘူး။ မေ့အနားက နင်ထွက်သွားတဲ့အချိန်တုန်းက မေဘာတွေဖြစ်ခဲ့လဲဆိုတာကိူ နင်မသိခဲ့ဘူးမဟုတ်လား"