"မမ ဘုရားမှာ ဘာဆုတောင်းခဲ့လဲ"
စေတီရင်ပြင်ပေါ်ကနေ ဆင်းတဲ့တစ်လျှောက် မေ့ဖိနပ်လေးနဲ့ သူ့ဖိနပ်လေးကို တွဲလျှက်ကိုင်ထားပြီး ကျန်တစ်ဖက်နဲ့ မေ့လက်ကို ဖွဖွထွေးဆုပ်ထားတဲ့ ကောင်လေးက ဒီမေးခွန်းကို မဖြေမချင်း သာလိကာလေးတစ်ကောင်လို မနားတမ်းကို မေးနေတော့တာပါပဲ။ ဖိနပ်စီးလို့ ရတဲ့ နေရာရောက်တော့ မေ့ခြေဖဝါးရှေ့ ဒူးထောက်ချလိုက်ပြီး ဖိနပ်ပါးလေးကို သူကိုယ်တိုင်ပဲ တယုတယနဲ့ ဆင်မြန်းစေတယ်။ မေချစ်ရတဲ့ အဝါရောင်လေးက တခါတလေတော့လည်း သိပ်ချစ်စရာကောင်းပြန်ပါတယ်။
လေဝှေ့လိုက်တဲ့အခါ မေ့မျက်နှာပေါ် ကပိုကရို ထွက်ကျလာတဲ့ ဆံမျှင်တွေကို ဖွဖွလေး သိမ်းပေးရင်း နား,နားကပ်လို့ တိုးတိုးလေးဆိုတာက...
"ကျွန်တော့်မမ သိပ်ချစ်စရာကောင်းနေရင် လူတွေရှိလည်း နမ်းပစ်လိုက်တော့မှာ" တဲ့။
ဒီကောင်လေး ဘယ်လောက်တောင် ဆိုးပါသလဲ။ ရဲတက်လာတဲ့ မေ့နားရွက်ဖျားလေးကို စကားပြောသလိုလိုနဲ့ အနားကို ကပ်လာပြီး ခိုးနမ်းသွားသေးတယ်။ နီမြန်းနေတဲ့ မေ့မျက်နှာကိုလည်း လူကြားသူကြားမရှောင် မျက်တောင်မခတ်ပဲ ငေးနေတာမို့ ခလုတ်ကသင်းတွေ တိုက်မိတာကလည်း အခါခါရယ်ပါ။
"မမ ဘာဆုတောင်းခဲ့လဲလို့ မောင့်ကို ဖြေပါအုံး"
သူ့ကိုယ်သူ မောင်လို့သုံးနှုန်းတဲ့အခါ ချစ်မိသမျှ မေတ္တာအစိုင်အခဲတွေဟာ အရည်ပျော်ကျလို့ အသစ်ပြန်တည်ဆောက်ရပါတယ်။ အကြိမ်ပေါင်းများစွာ မေးပြီးလို့မှ မေ မဖြေရင် ဒီကောင်လေး ကောက်တော့မှာကို သိတာမို့.....
"မမဆီကို မမလွမ်းတဲ့အခါတိုင်း ရှင်းခန့်က မမေ့မလျော့ဘဲ အပြေးပြန်လာနိုင်ပါစေ..လို့ပေါ့"
မေဖြေလိုက်တော့ ပြုံးဖြီးဖြီးမျက်နှာနဲ့ အတူ ကျွန်တော့်မမက သိပ်အူယားစရာကောင်းတာပဲ...ဆိုပြီး မေ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လာတယ်။ မတိုမကပ်ဆံပင်တွေကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေတုန်း လက်သန်းလေးတစ်ချောင်းကို ထောင်လို့ ခေါင်းမော့လာတဲ့ ဒီကောင်ငယ်လေးက ချစ်မဝတဲ့ မေ့ရဲ့မြတ်နိုးရာလေး ဖြစ်ခဲ့တာပါ။