လမ်းတစ်လျှောက်လုံး မမေက အပြင်ဘက်ကိုပဲ ငေးကြည့်နေပြီး စကားလည်းတစ်ခွန်းမှမပြော။
ငိုလည်းမငို။ မငိုအောင်ထိန်းထားတာလား မငိုနိုင်တော့တာလားဆိုတာ မမေပဲသိလိမ့်မည်။မမေဘာတွေများ တွေးနေမလဲ။လူတွေမရှိတဲ့နေရာကို ထွက်ပြေးချင်နေမလား ဒါမှမဟုတ် ဒီလောကထဲက ထွက်သွားဖို့ တွေးမလား။
မမေက အေးဆေးနေတတ်တဲ့သူမို့ ဆူပူသောင်းကျန်းမှာတော့မဟုတ်။ ဝမ်းနည်းစရာတွေကြုံထားရတာတောင် ဘာမှမဖြစ်လိုတည်ငြိမ်နေတာမို့ ပိုစိုးရိမ်ရသည်။
အဝေးကိုငေးကြည့်နေတဲ့ မျက်ဝန်းတွေကတော့ ညိုးနွမ်းကာ ဝမ်းနည်းနေ၏။ခုချိန်မှာ ကျွန်တော် မမေကိုတစ်ယောက်တည်းလွှတ်မထားချင်။
မကြံစည်သင့်တာတွေ လုပ်မိမှာစိုးသည်။"မမေ"
"အင်း"
"နေရတာ သက်သာရဲ့လား"
"အင်း"
"အိမ်ကိုပဲ လိုက်ပို့ပေးရမလား"
"ဟင့်အင်း မပြန်ချင်သေးဘူး"
"ကျွန်တော် ဘယ်ကိုပို့ပေးရမလဲ မမေ"
"ချစ်ခြင်းမေတ္တာမရှိတဲ့နေရာ"
"ဒါဆို ကျွန်တော့်အိမ်မှာ နေမလား"
"မနေချင်ဘူး"
"ဒါဆို ဘယ်မှာနေချင်လဲ မမေ"
ကျွန်တော့်မေးစကားဆုံးသွားတော့ မမေက လှည့်ကြည့်လာကာ ပြုံးပြနေသည်။ မျက်ရည်စတွေနဲ့ ထူးဆန်းစွာ ပြုံးပြနေခဲ့သည်။
"မျှော်လင့်ချက်တွေ မရှိတဲ့နေရာ"
"ဟာ....မမေ"
မမေပြုံးလျှက်ပြောပြီးနောက် ကားတံခါးကိုဖွင့်ကာ ခုန်ချသွားသည်။
ကျွန်တော် ကားရပ်ပြီး လိမ့်ကျသွားတဲ့ မမေနောက် ပြေးလိုက်သွားသည်။ ကားမောင်းတဲ့အရှိန်ကမပြင်းပေမဲ့ လမ်းဘေးမှာရှိတဲ့ အုတ်ခုံနဲ့ဆောင့်မိကာ မေ့လဲနေသော မမေကို ဆေးရုံနောက်တစ်ခေါက် ပို့ရပြန်ပါသည်။
အသက်ဆက်ရှင်ဖို့ လက်လျော့ထားတာမို့ ထင်သည်။ တစ်ပတ်ကျော်သည်အထိ သတိရမလာခဲ့။ လွမ်းနောင်အလုပ်ပင်မသွားနိုင် နေ့နေ့ညည မမေနားမှာပဲ နေပေးရသည်။သတိရလာတဲ့အခါ ဘယ်သူမှမရှိတုန်း ထပ်ဖြစ်မှာ စိုးသောကြောင့်။