မမနဲ့အတူ ဈေးသွားရမှာကြောင့် ရှင်းခန့်ထည်သိပ်ပျော်နေသည်။
မမဖို့ ကံ့ကော်ပန်းလေးလည်း ခူးခဲ့သည် ။ ကင်မရာလေးလည်းပါသည် ။မမက အဝါရောင်ဂါဝန်ရှည်လေးနဲ့ ဆံနွယ်ရှည်တွေကိုဖြန့်ချထားပြီး ဒီနေ့ ကျွန်တော့်ရဲ့မမ သိပ်လှနေပါသည်။
မမရဲ့ ဆံနွယ်တွေကို ကျစ်ပေးဖို့ ခွင့်တောင်းတော့ မမကခွင့်ပြုပေးသည် ။ ကျစ်ဆံမြီးကိုဘေးတစ်စောင်းလေးကျစ်ပေးပြီး ပန်းလေးပန်ပေးလိုက်တော့ မမပြုံးတယ် ။ ဒီနေ့ မမရဲ့မျက်ဝန်းတွေက ခါတိုင်းနေ့တွေထက် ပိုလေးနက်နေတယ် ။ စက်ဘီးလေးကို နှစ်ယောက်အတူစီးကာ ဈေးသို့ထွက်ခဲ့သည်။
ဈေးရောက်တော့ မမက ပန်းတွေကို ကင်မရာနဲ့လိုက်ရိုက်နေလေရဲ့ ။ မမကြိုက်တဲ့မုန့်တွေလည်းဝယ်ကျွေးပြီး ပန်းဝါဝါလေးတွေလည်း ဝယ်ပေးခဲ့တယ် ။
စာအုပ်ဆိုင်မှာလည်း
မမဖို့စာအုပ်တွေဝယ်ပေးခဲ့တယ် ။
ဒီနေ့ မမက အရင်နေ့တွေထက် ပိုပြုံးရယ်နေခဲ့တယ်။ ကျွန်တော် ပြောသမျှကိုလည်း မညည်းညူပဲ ပြုံးပြီးနားထောင်ပေးနေသည်။
ဒီနေ့ မမထူးဆန်းနေပါသည် ။
ကျွန်တော်ကတော့ ရင်ခုန်တာပိုမြန်နေခဲ့မယ် ထင်ပါသည်။
အိမ်ပြန်လမ်းတွင်တော့ ကျွန်တော်ကစက်ဘီးလေးကိုတွန်းပြီး ပန်းစည်းလေးကိုင်ထားတဲ့မမက ကျွန်တော့်ဘေးကနေ ပြုံးလျှက်ပါလာခဲ့သည်။" မမ "
" အင်း "
" ကျွန်တော် မမကို ချစ်တယ် "
" အင်း သိတယ် "
" ကျွန်တော့်ကို ပြန်ချစ်ပါနော် "
"အင်း ချစ်တယ်"
"ဟုတ် ............ ဗျာ "
ရှင်းခန့်ထည် မျက်လုံးအပြူးသားနှင့် မမကိုကြောင်ကြည့်နေသည်။နားကြားများမှားသလား။
"ကျွန်တော့်မမ"
"အင်း"
"ခုနက ဘာပြောလိုက်တာလဲဟင်"
"ရှင်းခန့်ကို ချစ်တယ်လို့"
"ဘုန်း!!"
မမနောက်တစ်ခါထပ်ပြောမှ ရှင်းခန့်ထည် စက်ဘီးတောင်ထိန်းမထားနိုင်တော့ မမကိုကျောခိုင်းထားပြီး ပြုံးစိစိလုပ်နေသည်။