company မှာ အလုပ်ပါးတုန်း မမဆီ ထွက်လာခဲ့သည် ။
မမနဲ့ ချစ်သူဖြစ်တာ တစ်နှစ်ကျော်ပြီမို့
မာမီနဲ့ မိတ်ဆက်ပေးသင့်နေပြီ ။မမတို့မြို့လေးဆီရောက်တော့ ကျွန်တော်တို့အကြောင်းသိနေတဲ့
နေကြာခြံပိုင်ရှင် ဉီးလေးကြီးကနှုတ်ဆက်ကာ" နေကြာတွေမဖူးသေးဘူး ငါ့တူရေ ၊ မင်းမမလည်း လာတာမတွေ့ဘူးကွ " ဆိုကာ စနောက်သည် ။
မမတို့အိမ်ရောက်တော့ မမက ကလေးတွေကိုစာပြနေသည် ။
အန်တီက မှူးအမေနဲ့အတူ မီးဖိုခန်းမှာစကားပြောနေလေသည် ။
ပိတ်ရက်မို့ ဉီးလည်းပြန်ရောက်နေ၏။ကလေးတွေ ကို စာပြနေတဲ့ မမကို
ငေးကြည့်မိသည် ။ ဆံနွယ်ရှည်တွေ ရှည်လာတာကလွဲရင် မမက အရင်လိုပဲ ဘာမှပြောင်းလဲမသွား ။ မမ စာသင်နေတုန်းမို့ အိမ်အပြင်ဘက်ထွက်ကာ မမစိုက်ထားတဲ့ ပန်းပင်တွေကို ငေးကြည့်သည် ။
ပန်းတွေတောင် ပွင့်နေကြပြီ ။ ကြည့်နေရင်း အရင်က မမကိုစကားအချိုတွေနဲ့ ပြောခဲ့တာကို တွေးမိကာ သဘောတကျရယ်မိ၏။ ထိုချိန်" ဘာတွေရယ်နေတာလဲ ရှင်းခန့် "
" ဒီတိုင်းသဘောကျလို့ပါ မမ "
" အင်း ပန်းပွင့်လေးတွေက သိပ်လှတာပဲနော် "
" အင်း လှတယ် မမကို မမြင်ရခင် အထိ ။
ခု မမကိုမြင်လိုက်ရတော့
ပန်းတွေက မလှတော့ဘူး "" ပေါက်ကရတွေစပြီ "
" တကယ်ပါဗျာ "
" ရှင်းခန့် ရှင်းခန့်လေးရေ "
" ဗျာ မမ "
" မောင့်ကိုခေါ်တာမဟုတ်ဘူး ရှင်းခန့်ကိုခေါ်တာ၊
ရှင်းခန့်ရေ... မီ..... မီ.... မီ ...."" မြောင် ﹏"
( ဝယ်ပေးမိတဲ့ ကျွန်တော် မှားပြီလား မမ)
" ဒီမှာ ဘယ်သူလာလဲ ကြည့်ပါအုံး "
ရှင်းခန့်ကိုမြင်တော့ ကြောင်လေးက ခြေထောက်ကိုပွတ်သပ်ကာချွဲနေလေသည် ။
" ကျွန်တော့်မမ "
" အင်း "
" မနက်ဖြန်ကျ ကျွန်တော်နဲ့ လိုက်ခဲ့နော် ၊
မမကို မာမီနဲ့ မိတ်ဆက်ပေးချင်လို့ "