ဒီနှစ် ဆယ်တန်းမို့ ခန့်ထည်တစ်ယောက် စာတွေနှင့် လုံးပန်းနေရသည်။ အဝါရောင်တွေ မြင်တိုင်း မမကိုလည်း ပိုလွမ်းရသည်။ ဒီကြားထဲ အငယ်တန်းကလွမ်းနောင် ဆိုတဲ့ ကောင်လေးကလဲ သူ့နောက် တကောက်ကောက်လိုက်နေသည်။
ထိုကောင်လေးရဲ့မျက်ဝန်းကို ကျွန်တော် မနှစ်သက်။ သူ့ကိုမြင်တိုင်း ထိုကောင်လေးမျက်ဝန်းတွေမှာ အဓိပ္ပာယ်မဖော်တတ်တဲ့ အငွေ့အသက်တွေ ရတတ်သည်။ ထိုကောင်လေးနဲ့ဆုံတိုင်း အစ်ကို့ကိုချစ်တယ် ဆိုတဲ့စကားတစ်ခွန်းသာ ပြောပြီး ကျွန်တော်လုပ်သမျှကို ပြုံးပြီးကြည့်နေတတ်သေးသည်။တစ်နှစ်ဆိုသည့် အချိန်ဟာလည်း စာကျက်လိုက် မမကိုလွမ်းလိုက်နဲ့ ကုန်ဆုံးသွားလေ၏။
စာမေးပွဲပြီးပြီးချင်း မာမီ့ဆီခွင့်တောင်းကာ မမရှိရာမြို့လေးသို့ တတိယအကြိမ် အပြေးလာခဲ့သည်။ ဒီတစ်ခေါက်တော့ ကုဋေကိုပါ မရမကခေါ်လာခဲ့သည်။ အနားမယူရဘဲ တန်းထွက်လာရတာကြောင့် မောင်မင်းကြီးသားက တလမ်းလုံး တဗျစ်တောက်တောက်နဲ့ ။
မနှစ်က မမကို ချစ်နေကြောင်း ဝန်ခံပြီး ချက်ချင်းပြန်လာရတာမို့ မမအပေါ် အပြစ်မကင်းသလိုခံစားရသည်။ ဒါ့ကြောင့် ဆယ်တန်းဆိုတဲ့ အခွင့်အရေးကိုအရယူကာ တစ်နှစ်လောက် ဒီမြို့လေးမှာ ကုန်ဆုံးဖို့ ဆုံးဖြတ်ထားခဲ့သည်။ ခန့်ထည် အတွေးတွေနှင့် တစ်လမ်းလုံး ပျော်မြူးနေပေမဲ့ ကုဋေကတော့ ဟောက်လျက်သားပင်။ ၈ နာရီ ကြာ မောင်းနှင်ပြီးနောက် မမရှိရာမြို့လေးဆီ ရောက်တော့မည်။ မြို့လေးနဲ့ နီးလာသည်နှင့်အမျှ ခန့်ထည် နှလုံးခုန်နှုန်းတွေမြန်လာလေသည်။
( အေးချမ်းလှတဲ့ ကျွန်တော့်မမရဲ့ အပြုံးလေးကို တွေ့ရဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး )
ဘဘုန်းကျောင်းကိုရောက်တော့ အထုတ်တွေချပြီး နေကြာခင်းဘက်သို့ ထွက်ခဲ့သည်။ ကုဋေကတော့ ဆက်အိပ်နေ၏။
ခန့်ထည် နေကြာခင်းကိုရောက်တော့ မမကိုမတွေ့ရချေ ။ သူ့ကို မုန်းသွားလို့ များလား ဟု ထင်မိသည် ။ ကျွန်တော်ဝမ်းနည်းလာကာ လမ်းဘက် မျက်နှာမူလျှက် ထိုင်ချလိုက်ပြီး
ကောင်းကင်ကို မော့ကြည့်တော့ နေမင်းကြီးကလည်း သူ့ကိုနှုတ်ဆက်နေသလို ။ ငှက်တွေကလည်း အိပ်တန်းတက်ဖို့ ပျံကြလေပြီ ။
နိမိတ်ဆိုတာ ဒါတွေကိုပြောတာ ထင်၏။