Part 2

628 10 2
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၂)"
……………………………
         
မိုးလင်း၍ မျက်လုံးနှစ်လုံးဖွင့်သည်နှင့် ဘုန်းသစ်မင်း ခေါင်းထဲအရင်ဆုံးစဉ်းစားသည့် အကြောင်းအရာသည် ဒီနေ့ အလုပ်ပိတ်ရက် ဟုတ်မဟုတ်ပင်။ ဒီနေ့အလုပ်ပိတ်ရက်ဟု သိလိုက်သော်လည်း အိပ်ရာမှ ထလိုက်၏။ နာရီကို ကြည့်လိုက်တော့ 6:00 အတိပဲ ဖြစ်နေ၏။ ထို့ကြောင့် ကျေနပ်စွာ ပြုံးမိလိုက်သည်။ ထိုအချိန်သည် နှိုးစက်မလိုဘဲ အိပ်ရာ ထနေကျ အချိန်ဖြစ်သည်။ အလုပ်ပိတ်ရက် ဟုတ်ဟုတ် မဟုတ်ဟုတ် ထိုအချိန်ဆို အမြဲ အိပ်ရာမှ ထသည်။
         
အကျင့်တွင် ပိတ်ရက်မရှိဟု သူအမြဲနှလုံးသွင်းလို့ထား၏။ တိုးတက်အောင်မြင်သည့် အကြောင်းအရာများတွင် ကိုယ်တိုင် ချမှတ်ထားသည့် စည်းကမ်းများကို တသွေမတိမ်းလိုက်နာခြင်းလည်း တစ်ခုပါသည်ဟု သူတော့ထင်သည်။ ထို့ကြောင့်လည်း အသေးအဖွဲကအစ သူ့စိတ်ကို အလိုမလိုက်ဘဲ  အမြဲကြိုးစားနေထိုင်ခဲ့သည်။
          
လိုက်ကာကို ဆွဲဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်ထဲကြည်လင် လန်းဆန်းသွားသည်။ ဒီနေ့တော့ မုန်တိုင်းထွက်သွားပြီ ထင်ရဲ့။ ကောင်းကင်တစ်ခုလုံး ကြည်လင်တောက်ပနေ၏။ မနေ့က မိုးရွာထား၍ သစ်ပင်များသည်လည်း စိမ်းစိုလှပနေသည်။ နေရောင်ခြည် နွေးနွေးကို ငေးကြည့်ရင်း ကြည်ကြည်နူးနူး ပြုံးမိသည်။ ဒီနေ့တော့ နေရထိုင်ရသည်မှာ ပေါ့ပါးသလို ခံစားနေရသည်။ သို့သော် မိုးမိထား၍ ခေါင်းက ကိုက်ချင်ချင် ဖြစ်နေ၏။
         
မျက်နှာသစ် သွားတိုက်ရင်း မနေ့က အကြောင်းခေါင်းထဲဝင်လာ၏။ မှန်ထဲတွင် ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း နယုန်ဆိုသူသည် သူနှင့် တူသည့်လူတစ်ယောက်များ ဖြစ်နေမလားဟု တွေးနေမိသည်။
         
မနေ့ကတော့ ဆရာဝန်ပဲ အိမ်ခေါ်လိုက်သည်။ဆရာဝန်လည်းလာပေးလို့ပေါ့။ မဟုတ်ရင် မိုးထဲရေထဲ ဒုက္ခများလိုက်မည့် အဖြစ်ပင်။ ဆရာဝန် ပြန်သွားသည်အထိတော့ မိန်းကလေးသည် သတိမရသေးပေ။ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးဟု တော့ ပြောသွား၏။
           
အခုရော အခြေအနေ ဘယ်လိုရှိလဲ မသိ။
ဘုန်းသစ်မင်း ပြုဖွယ်ကိစ္စများပြီးသည်နှင့် အိမ်အောက်ထပ်သို့ ဆင်းလာ၏။ မေမေ့ အခန်းနှင့် ကပ်လျက်  အခန်းလွတ်တွင် ထိုမိန်းကလေးကို ထားသည်မို့ မေမေ့အခန်းကို အရင်ဝင်ကြည့်လိုက်သည်။ အခန်းထဲတွင် မေမေ မရှိ။ ဘုရားရှိခိုးနေမည်ဟု တွေးသော်လည်း ဘုရားရှစ်ခိုးအသံကို မကြားရ။
           
"မေမေ"
            
အော်‌ခေါ်ရင်း ထမင်းစားခန်းဘက် ရောက်လာခဲ့သည်။ထမင်းစားခန်းမှာလည်း မေမေ မရှိ။
           
"ဒေါ်လေး မေမေရော"
            
"သားအမေ မနိုးသေးဘူး မဟုတ်လား"
             
ဒေါ်လေးက ချက်ပြုတ်နေရင်းမှ ပြန်အော်၏။
သူထွက်လာပြီး သေချာအောင် အခန်းထဲ ဝင်ကြည့်သည်။ အိမ်သာ ရေချိုးခန်း မကျန်အောင် ကြည့်လိုက်သေးသည်။ မရှိ။
နောက်ဆုံးမှာတော့ ကောင်မလေး အခန်းထဲ တံခါးခေါက်ပြီး ဝင်သွား၏။
            
"ဟာ မေမေ"
            
ကုတင်စွန်းကို မှီပြီး အိပ်နေသော မေမေကိုမြင်၍ တအံ့တသြ ဖြစ်သွားမိသည်။ ကောင်မလေးသည် ကောင်းစွာ သတိရနေပြီး  သူ့ကိုရော မေမေ့ကိုပါ တအံ့တသြထိုင်ကြည့်နေ၏။
           
"မေမေ…မေမေ "
           
"ဟင်"
           
"မေမေက ဘယ်လိုလုပ် ဒီမှာ အိပ်နေတာလဲ"
            
သူ့အသံကြောင့် မေမေက အိပ်ချင်မူးတူး ထကြည့်၏။
            
"သား နှိုးပြီလား"
            
"သားက အရေးမကြီးဘူး…မေမေ ဘာလို့
ဒီမှာ အိပ်နေတာလဲ"
             
"ဟင် သြော်…အဲ့ဒါက "
             
ပြောရင်း အမေက မိန်းကလေးကို လှမ်းကြည့်သည်။ ကောင်မလေး ထထိုင်နေသည်ကို တွေ့သည့်အခါ ဝမ်းသာအားရ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်၏။
            
"သမီး နိုးပြီလား…သက်သာရဲ့လား…ဘယ်လိုနေသေးလဲ"
           
"ဟုတ် သက်သာပါပြီ"
           
"ညက ကိုယ်တွေ တအားပူတာ ယောင်လိုက်တာလည်း ပြောမနေနဲ့တော့။ အန်တီမှာ စိတ်ပူလို့အခန်းထဲတောင် ဝင်မအိပ်နိုင်ဘူး"
              
"ကျေးဇူးတင်ပါတယ် အန်တီ"
               
ခေါင်းလေးငုံ့ကာ အသံတိုးတိုးဖြင့် ပြောသည်။ မေမေက စိတ်မချသေးဟန်ဖြင့်  နဖူးကို ဖက်ခနဲ စမ်းပြန်သည်။
               
"ကိုယ်ပူတော့ ကျသွားပါပြီ။ ဒါပေမယ့် စိတ်မချရသေးဘူး။ အစားတစ်ခုခု စားပြီး ဆေးသောက်မှ ရမယ်။  နေဦး။
သမီးစားဖို့ တစ်ခုခု လုပ်ပေးဦးမယ် "
                 
အပြောနှင့်အတူ ပေါ့ပေါ့ပါးပါးထွက်သွား
သည့် မေမေ့ကို ဘုန်းသစ်မင်း  ပါးစပ် အဟောင်းသားနှင့် လိုက်ကြည့်နေမိသည်။ မိုးလင်းသည်နှင့် သားအတွက် ပျာပျာသလဲ ဖြစ်နေသည့် မေမေသည် ဒီနေ့မှာတော့ စကားပင်လှည့်မပြောနိုင်တော့။
                
ကောင်မလေးကို လှမ်းကြည့်တော့ အိပ်ရာပေါ်တွင် ငူငူကြီး ထိုင်နေ၏။ အခုမှ ကြည့်မိသည်။ ကောင်မလေးဝတ်ထားသည့် ညအိပ်ဝတ်စုံသည် သူငယ်ငယ်က ဝတ်ထား
သည့် ညအိပ်ဝတ်စုံဖြစ်သည်။သူ အသက်နှစ်ဆယ်လောက်က ဝတ်သည့် ညဝတ်ဝတ်စုံသည် မေမေ၏ အသိမ်းအဆည်းကောင်းမှုကြောင့် သိပ်မဟောင်းနွမ်းဟု ထင်ရသည်။ ဘယ်သူကိုမှ ပေးမဝတ်ဘဲ သိမ်းထားရာက မေမေ ဘာစိတ်ပေါက်ပြီး ပေးဝတ်လဲမသိ။
            
သူ ဘေးနားတွင် ရပ်ပြီး ကြည့်နေသော်လည်း  သူ့ကို မော့မကြည့်။ စကားလည်းမပြော။ အခန်းထဲတွင် သူရှိနေတယ်၍တောင် ထင်ပုံမရပေ။
            
"သက်သာပြီလား"
            
"ဟုတ်"
             
"ဒါဖြင့် အေးဆေးနားပါ"
             
အပြုံးအရယ်မရှိ ငေးတိငေးငိုင် ကျန်ခဲ့သော ထိုမိန်းကလေးအမူအယာသည် သူ့ကို စဉ်းစားရခက်စေပြန်သည်။
            
"စဉ်းစားရတော့ ခက်တာပဲ…မနေ့ကတော့ ငါ့ကို နယုန်လို့ နယုန်လို့ တတွတ်တွတ်ခေါ်ပြီးတော့ ဒီနေ့ကျ နယုန်မဟုတ်တော့တာလား"
           
ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းရင်း စိတ်ထဲ မကျေမနပ်ဖြစ်နေမိသည်။ တကယ်တော့လည်း မကျေနပ်စရာမရှိပါ။ နယုန်သည် သူ မဟုတ်သလို ကောင်မလေးသည်လည်း
သူနှင့်လားလားမှ ဆိုင်သူ မဟုတ်။ သို့သော်လည်း နယုန်ဆိုသူကို သိချင်မိပြန်သည်။
            
အတွေးတွေ ရှုပ်ယှက်နေတုန်း ခြံအပေါက်ဝတွင် ထိုမိန်းကလေးကို ဖျတ်ခနဲ တွေ့လိုက်ရသောကြောင့်  ရေပိုက်ကို ပစ်ချပြီး ခြေလှမ်းကျဲနှင့် လှမ်းထွက်လာခဲ့သည်။
            
" ဟေ့"
            
သူ့ အော်သံကြောင့် သုတ်သုတ်လှမ်းနေသည့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွား၏။
            
"ဘယ်သွားမလို့လဲ"
            
မနေ့ကဝတ်လာသည့် အဝတ်အစားများပြန်လဲကာထွက်လာသည်မို့ သေချာပေါက်  ပြန်တော့မည်မှန်း သူသိလိုက်သည်။
       
"ကျွန်မကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးပါ…အန်တီကိုလည်း ဘာမှမစားတော့ဘူးလို့ ပြောပေးပါ"
          
"ဟာ မေမေ့ကို မပြောဘဲ သွားမလို့လား"
           
"ဟုတ်"
            
အေးစက်စက်ပြောနေသော အမူအယာတွေ ကြည့်ကာ ဘုန်းသစ်မင်း တအံ့တသြ ဖြစ်နေမိသည်။မနေ့က ကြည့်သည့် အကြည့်လိုမျိုး သူ့မျက်ဝန်းတွင် အပြုံးရိပ်များ ရှိမနေ။နှုတ်ခမ်းသည် ပြုံးဖို့နေနေသာ စကားပြောဖို့ပင် မဖွင့်ချင် ဖွင့်ချင် ဖွင့်နေပုံရသည်။
               
"ဘယ်ကိုသွားမှာလဲ… နေမကောင်းသေးဘူး မဟုတ်လား"
              
"နေက ကောင်းပါပြီ… သွားခွင့်ပြုပါဦး"
              
စကားအပိုမပြောဘဲ လှည့်ထွက်ဖို့ပြင်၏။ ကိုယ်နှင့် မသိသည့် သူမို့ အတင်းကြီး ဆွဲထား၍လည်း မဖြစ်ပြန်။ ဒီအတိုင်းကြီး လွှတ်လိုက်၍ ရပါ့မလားလည်း တွေးပူမိသည်။
             
"နေဦး"
              
သူ့စကားကြောင့်  ပြန်လှည့်ကြည့်သည်။
              
"မင်းအိမ်က ဘယ်မှာလဲ ငါလိုက်ပို့ပေးမယ်"
              
"ရပါတယ်။  ကျွန်မသွားနိုင်ပါတယ်"
              
ပြောပြောဆိုဆိုနှင့် သွားမည့်ဟန်ပြင်နေသည့်အခါ အသဲယားစွာ ထပ်ခေါ်ရပြန်သည်။
              
"နေဦး"
              
မညည်းမညူပင်  ပြန်လှည့်ကြည့်ပြန်သည်။
              
"မင်း နာမည် ဘယ်လိုခေါ်လဲ"
               
အေးစက်စက် ပြန်ကြည့်ရုံမှတပါး မဖြေ။ သူလည်း အတင်းထပ်မမေးလိုတော့။ သို့သော် သူ သိချင်သေးသည်။ထို့ကြောင့်ပဲ အရဲစွန့်ကာ…
             
"ငါ့ကို သိလား…ငါကရော ဘယ်သူလဲ"
             
ထိုအခါ သူ့ကို တအံ့တသြနှင့် အစိမ်းသက်သက် ပြန်ကြည့်သည်။ အခုမှ မြင်ဖူးသည့် အကြည့်မျိုးနှင့် စိုက်ကြည့်ပြီး ခပ်လေးလေး အသံဖြင့်
             
"ဦးလေးကြီးက ဘယ်သူလဲ"
             
"ဟင်"
            
ထိုအမေးကြောင့်  ဘုန်းသစ်မင်း ရင်ထဲကျင်ခနဲ ဖြစ်သွားမိသည်။ ဒါဆို ဒီကောင်မလေးသည် အတိတ်မေ့နေသည်လည်းလား။ စိတ်မနှံ့ ဖြစ်နေသည်လား သူလည်း မဝေခွဲတတ်တော့။
              
"မနေ့က အမှားလုပ်မိတာ ရှိရင် ခွင့်လွတ်ပါ…
ခွင့်ပြုပါဦး"
             
အပြောနှင့် ထွက်သွားသည့် သူ့ကို မတားလိုတော့။
မျက်စိတဆုံးလိုက်ကြည့်ရင်း ပင့်သက်ကို ချလိုက်သည်။
             
ငါက ဘုန်းသစ်မင်းပါ…
            
ခပ်ဝေးဝေးရောက်သွားသော ပုံရိပ်ကို ကြည့်ပြီး မဖြေလိုက်ရသည့် အမေးကို စိတ်ထဲက ဖြေမိသည်။ ဘာကြောင့်မှန်းမသိ ထိုမိန်းကလေးကို မြင်ရသည်မှာ ရင်ထဲ မကောင်းသလိုပင်။ သူ့ထက်ဆိုးသည်က မေမေ။
            
ပျောက်သွားပြီ ထင်ပြီး လိုက်ရှာနေ၏။ ပြန်သွားပြီ ပြောသည့်အခါ မျက်ရည်ဝဲပြီး စိတ်ပူနေရှာသည်။
           
သံယောဇဉ်အတွယ်လွယ်လိုက်တာဟု မေမေ့ကို စိတ်ထဲက အပြစ်တင်မိသည်။
            
တကယ်ဆို ထိုမိန်းကလေးသည် ရွက်ကြွေတစ်ရွက်လိုပင်။ လေရူးကြောင့် သူ့အိမ်ထဲယောင်ယမ်းပြီး ဝင်လာသည့် ရွက်ကြွေတစ်ရွက်။ ထိုထက်လည်း မပိုသလို ထိုထက်လည်း တွယ်တာစရာ မရှိခဲ့ပါ။
                        **********
          
ကြည်လင်နေသောကောင်းကင်ကို မော့ကြည့်ပြီး မေပျို မျက်ရည်ဝဲနေမိသည်။
          
နင် ပြန်လာဦးမလား နယုန်…
တိမ်တွေအဖြစ် ဖန်ဆင်းပြီး ငါ့ဆီ ပြန်လာခဲ့ပါ နယုန်ရယ်…ငါ နင့်ကို လွမ်းတယ်
           
စိတ်ထဲကတိတ်တိတ်လေးပြောရင်း မျက်ရည်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည်။
          
ရင်ထဲမှာ မိုးတွေ ရွာနေတယ် နယုန်…
ငါလေ တစ်ရက်မှ မပျော်ပါဘူးဟာ…
ဘဝမှာ ငါဘာကြောင့် အသက်ရှင်နေထိုင်မှန်း ငါမသိတော့ဘူး…။ငါ့မှာ အဓိပ္ပာယ်မရှိသလို ပန်းတိုင်လည်း မရှိဘူး နယုန်…။
          
ဘဝကို လမ်းတွေလို…ရေစိုတော့ စို…ခြောက်သွေ့တော့လည်း ခြောက်ဆိုပြီး…
နေခြောက်လှမ်းပြီး နေလိုက်ချင်တယ်။
ငါ ဘာကိုမှ မသယ်ဆောင်ချင်ဘူး။
ချနင်းသမျှပဲ ပေခံလိုက်ချင်တော့တယ်။နောက်ဆုံး ငါ့စိတ်ကိုလည်း ငါမသယ်ချင်ဘူး။ ဘယ်လောက်ဝေးအောင် သွားသွား…
မလွတ်မြောက်တဲ့ အရာတွေ ငါ့ဆီမှာ များတယ် နယုန်ရယ်…။
        
ငါ နင့်ကို တွေ့ချင်တယ် နယုန်…
နင့်ကိုတွေ့ရင် ငါမငိုတော့ပါဘူးဟာ…
ငါ ကတိပေးပါတယ်…ငါ ကတိတည်တာ နင်သိတယ်မဟုတ်လားဟင်…။
         
မျက်ရည်တွေသုတ်ပြီး လျှောက်နေသည့် လမ်း၏ အဝေးဆုံးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ မျက်ဝန်းထဲ ပုံရိပ်တစ်ချို့တို့
မြင်ယောင်လာတော့သည်။
                  **************
            
ဖွားခနဲ လာစင်သော ရေတွေကြောင့် မေမေလက်ထဲက ထီးပါ အလန့်တကြား လွတ်ကျသွားသည်။
        
"ဟဲ့ ဘယ်လိုဟာလဲ…"
        
မေမေက အသံဆာဆာနှင့် ရန်လှည့်တွေ့သလို မေပျိုလည်း လှည့်ကြည့်မိသည်။ စက်ဘီးပေါ်ကနေ ခြေထောက်တစ်ဖက် ခြေထိုးရပ်ပြီး သူလည်း ပြန်လှည့်ကြည့်သည်။
         
"စက်ဘီးကို အဲ့လိုပဲ နင်းရလား…လမ်းသွားလမ်းလာတွေလဲ အားနာပါဦး…စည်းမရှိ ကမ်းမရှိနဲ့"
          
မေမေရန်တွေ့သံကို သူဂရုပြုမိပုံမပေါ်။ စက်ဘီးပေါ်က ဆင်းလာကတည်းက သူ့မျက်လုံးတွေက မေပျိုဆီမှာပဲ ရှိနေ၏။ မေပျိုလည်း သူ့ကိုကြောင်အမ်းအမ်း ငေးကြည့်နေမိသည်။ ရေစိုနေသော ဆံပင်တွေ သပ်တင်ထားသည့် သူ့မျက်နှာက ကြည့်ကောင်းသည်ဟု မေပျို ကောက်ချက်ချနေမိသည်။
           
"တောင်းပန်ပါတယ် ရေတွေစိုကုန်ပြီ"
            
မေပျိုဘေးနားကျနေတဲ့ ထီးကို ကောက်ပေးပြီး မေပျိုလက်ထဲ သူထည့်ပေးသည်။ ပြီးမှ ရန်တွေ့နေသည့် မေမေ့ကို
တောင်းပန်တိုးလျှိုးသည့် အကြည့်မျိုးနှင့် ကြည့်သည်။
            
"တောင်းပန်ပါတယ် အန်တီ ။
သား အရေးတကြီး သွားစရာ ရှိလို့ အပြေးနင်းလာရင်း ဖြစ်သွားတာ"
             
"ပြောလိုက်ရင် အဲ့လိုချည်းပဲ ဒီလောက် ရေတွေများနေတဲ့ဟာကို ဖြည်းဖြည်းနင်းမှပေါ့…အခုတော့ အကုန်စိုကုန်ပြီ တကယ်ပဲ…စိတ်တိုစရာကောင်းတယ်…လာ မေပျို…သွားမယ်"
            
မေမေက ကြောင်တောင်တောင် ရပ်နေသည့် မေပျိုလက်ကို ဆောင့်ဆွဲပြီး ခေါ်သည်။ မေပျိုတို့ကို သူ ရပ်ကြည့်နေသည်ဟု စိတ်ထဲ ထင်နေမိသည်။ မေပျိုလည်း သူ့ကို လှည့်
ကြည့်ချင်မိသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now