Unicode
" သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"
"အပိုင်း(၂၂)
..………………………………
"သူက ကိုယ့်ရည်းစားဟောင်း။ နာမည်က ချိုလဲ့ရည်တဲ့။ ဝေးသွားတာ ငါးနှစ်လောက်တော့ရှိပြီ"
အိမ်ပြန်လမ်းတွင် မေပျို မမေးသော အမေးကို သူကစ ဖြေမိသည်။ မေပျိုက မှန်အပြင်ဘက်ကို ငေးလျက် ငြိမ်သက်နေရင်းမှ သူ့ကို ပြန်ကြည့်၏။
"ခွဲခွာနေရသူနဲ့ ပြန်တွေ့တာဆိုတော့ ပျော်စရာကြီးပေါ့နော်"
"အင်း မပြောတတ်ပါဘူး"
သူ ခပ်လေးလေး ဖြေသည့်အခါ မေပျိုက မျက်မှောင်ကြုံ့ပြီး ကြည့်၏။
"ဘာလို့လဲ မပျော်ဘူးလား"
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြန်လာရင်တော့ ပျော်မိမှာပါ"
"အခုရော"
"မပြောတတ်ဘူး။ သူက အဲ့ဒီလိုပဲ။ ကိုယ့်စိတ်ကို အမြဲ စမ်းသပ်တယ်။ ခပ်ဝေးဝေးရောက်ရင် တစ်ခါ လှည့်ကြည့်တယ်။ သူ ပြန်လာဖို့ မဟုတ်ဘူး ။ ကိုယ် သူ့ကို ကြည့်နေသေးလား ပြန်လှည့်ကြည့်တာ"
"အခုက ပြန်လာပြီ မဟုတ်လား"
"အဲ့ဒါလည်း မသေချာပါဘူး။ ကိုယ် စိတ်ကို သေချာအောင် လာကြည့်တာလည်း ဖြစ်နိုင်တယ်။ ပြီးရင် သူ လုပ်ချင်ရာ လုပ်ပြီးရင် ပြန်မှာပါ"
"ဟင် ဘယ်လိုကြီးလဲ"
မေပျို စကားကြောင့် ဘုန်းသစ်မင်း ပြုံးလိုက်မိသည်။
"သူက ကိုယ့်ကို ချစ်တာ မဟုတ်ဘူး။ အချစ်ခံချင်တာ။ သူ့ကို မျှော်လင့်နေစေချင်တာ"
"အဲဒီတော့ မျှော်လင့်နေသေးလား"
ခေါင်းကို ဖြေးညှင်းစွာ ခါပြသည့်အခါ အလိုမကျသည့်ပုံနှင့် မျက်မှောင်ကြုံ့ သွား၏။
"ဘာလို့လဲ အချိန်ကြာသွားလို့လား"
"မဟုတ်ပါဘူး။ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ချင်တော့လို့"
"အင်း"
"မင်းရော နယုန်ကို ချစ်တာလား။ နယုန် ချစ်တာကို လိုချင်တာလား။ လူတော်တော်များများကတော့ သူများချစ်တာပဲ လိုချင်ကြတာ။ ကိုယ် ဘယ်လိုချစ်ရမလဲ မသိကြဘူး"
"အဟင်း ပြောပုံအရ ဦးလေးကြီးက ဘယ်လိုချစ်ရမလဲ သိတယ်ပေါ့ ။ ငါးနှစ်လောက်နဲ့ မေ့နေတဲ့သူက"
မေပျို ရွဲ့တဲ့တဲ့ ပြောသည်ကို ဘုန်းသစ်မင်းသည် အေးဆေးစွာ ပြုံးလျက်နေ၏။
"ကိုယ် သူ့ကို မမေ့ပါဘူး။ ဒါပေမယ့် မမေ့တာဟာ ချစ်နေဆဲပဲလို့ အဓိပ္ပါယ်မရဘူး။ သေချာတာတော့ ကိုယ် သူ့ကို အရင်လိုစိတ်တွေ ထားလို့မရတော့ဘူး"
"ဟွန်း ဒါဆို ဦးလေးကြီးက ပြောင်းလဲတာပေါ့"
မေပျိုကို သူ ခေါင်းညိတ်ပြလိုက်သည်။
"ပြောင်းလဲတတ်တာ မဆန်းပါဘူး။ သူလည်း အိမ်ထောင်တွေ ကျပြီး ပြောင်းလဲသွားတာပဲလေ"
"ဒါပေမယ့် အချစ်က အချစ်ပဲလေ"
"အချစ်က ဘာဖြစ်။ အချစ်က အပင်တစ်ပင် စိုက်သလိုပဲ ။ ဘယ်နေရာဖြစ်ဖြစ် ပေါက်နိုင်တယ်။ ရှင်အောင် စိုက်တတ်ဖို့ပဲ လိုတာ"
"ဟွန်း ဦးလေးကြီးကနော် ပေါ့ပျက်ပျက်နဲ့"
မဲ့ရှုံ့ရှုံ့ပြောနေသည့် မေပျိုကို ကြည့်ကာ ဘုန်းသစ်မင်း သဘောကျစွာ အော်ရယ်လိုက်သည်။
"ဟား အဲ့ဒါကို မင်း လက်ခံရမှာ။ နယုန်လည်း နောက်ဘဝတစ်ခုမှာ အဖော်သစ်နဲ့ ချစ်သူအသစ်တွေ ရနေမှာ။ အဲ့ဒါကို မင်း မသိသေးတာပဲ ရှိမယ်"
"အဲ့ဒီလို မပြောပါနဲ့ ။နယုန်က အဲ့ဒီလို ဘယ်တော့မှ မဟုတ်ဘူး။ ကျွန်မ လာတဲ့အထိ စောင့်မှာ"
"မင်းသိလို့လား။ လောက် ဘဝရောက်ရင် လောက်မနဲ့ပျော်မှာ။ ဘယ်သူမှ အမှတ်သည်းခြေထားပြီး စောင့်မနေဘူး။ အယူသီးမနေနဲ့"
ဘုန်းသစ်မင်းစကားကြောင့် မေပျို ဒေါသထွက်ကာ မျက်နှာတွေ ရဲလာ၏။
" အဲ့ဒီလို မပြောနဲ့ ပြောနေတယ်လေ။ စိတ်တိုလာပြီ။ ဦးလေးကြီး စိတ်နဲ့ နှိုင်းပြီး လျှောက်ပြောမနေနဲ့။ နယုန်ကို အဲ့ဒီလို ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး"
မျက်ရည်များဝဲတက်လာပြီး အသံတွေ တုန်နေသည့်အခါ ဘုန်းသစ်မင်း အရယ်ရပ်ကာ မျက်နှာပိုးသတ်လိုက်သည်။ သို့သော် နှုတ်ခမ်းစူစူလေးကို ကြည့်ကာ စချင်ပြန်မိသည်။
"နယုန်ပြီးရင် ဝါဆိုလာတာပဲ"
"ဦးလေးကြီး"
"ကိုယ် မင်းကို ဘာမှ မပြောဘူးနော်။ ကိုယ့်ဘာသာ မြန်မာလတွေ ရေနေတာ။ နယုန် ဝါဆို ဝါခေါင် ဝါခေါင်ပြီးရင် နယုန်လား"
"ဆင်းတော့မယ် တံခါးဖွင့်ပေး"
"နယုန် ပြာသို တပို့တွဲ တပေါင်း နယုန်"
"တံခါးဖွင့်ပေးနော်"
"ဦးလေးကြီး တံခါးဖွင့်ပေးဆို"
သူ မသိချင်ယောင်ဆောင်နေသည့်အခါ သူ့လက်တစ်ဖက်ကို ဆွဲယူကာ အားရပါးရ ကိုက်တော့သည်။
"အား"
ယောက်ျားသားဆိုသော်လည်း အသံနက်နှင့် အော်မိသည်အထိ နာကျင်သွားမိသည်။
"အား နာလိုက်တာ"
လွှတ်လိုက်သည့်အခါ သွားကိုက်ရာ ကြီးကြီး လက်ဖမိုးတွင် နီရဲကာ ကျန်နေခဲ့သည်။ ဆတ်ခနဲ ဒေါသထွက်သွားသော်လည်း အားရသလို ကြည့်သည့် အကြည့်ကို မြင်သည့်အခါစိတ်မဆိုးနိုင်ဘဲ သဘောကျသွားမိသည်။
"စတာကို စတာမှန်း မသိဘူး။ နာလိုက်တာ။ ခွေးမလး"
"နာပစေ။ နောက်ဆို မဟုတ်တာ ပြောရင် လက်တစ်ခုလုံး အရိုးပါမကျန်အောင် ကိုက်ပစ်မယ်"
"ကိုက် ကိုက်။ အကုန်သာကိုက်"
သူ့ လက်ကို မေပျို ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ သို့သော် သွားနှင့်မထိဘဲ နှုတ်ခမ်းနုနုလေးနှင့်ထိမိသည့်အခါ ဓာတ်လိုက်သလို ရင်ထဲ တုန်ခါသွား၏။
လှမ်းကြည့်သည့်အခါ မေပျိုက ရယ်နေ၏။ ပြီးနောက် သူ့ သွားရာ ထင်သွားသည့် နေရာကို တစ်ရှူးယူကာ သုတ်ပေး၏။
"စိတ်တိုအောင်လုပ်တာကို။ သွေးထွက်သွားပြီလား မသိဘူး"
"ထွက်ပြီပေါ့ ကြွက်သွားတွေနဲ့။အရူးကာကွယ်ဆေး သွားထိုးမှ ဖြစ်တော့မယ်"
"ဟာ လူကို ခွေးနဲ့ နှိုင်းလိုက်တာလား"
"ဟေး ဘာမှ မပြောဘူး။ လက်မပါနဲ့ ။ ကားမောင်းနေတယ်နော်။ ငြိမ်ငြိမ်နေ"
ရိုက်ဟန်ပြင်နေသည့် မေပျိုလက်တွေကို သူလက်နှင့် ဖမ်းအုပ်ချုပ်ကိုင်ထားသည်။
မေပျိုကလည်း ကားမောင်းနေသည်မို့ စိတ်လျှော့လိုက်ပုံရသည်။ သူ့လက်ကို ဆောင့်တွန်းပြီး မျက်စောင်းပဲထိုး၏။ ထိုအမူအယာလေးကို ကြည့်ပြီး သူ့မှာ ပါးစပ်မစေ့နိုင်အောင်ကို ပြုံးနေမိတော့သည်။

YOU ARE READING
သူမချစ်သော မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )
Roman d'amourမိုးဖြစ်စေတဲ့ တိမ်တချို့ကို ကျွန်တော်အားကျပါတယ် ကျွန်တော်ကတော့ ပြယ်လွင့်ရမယ့် တိမ်တစ်စပါပဲ ( သူမဆိုတဲ့ စကားလုံးဟာ မြန်မာအဘိဓာန်မှာ မရှိတာသိရက် စာရေးသူကခေါင်းမာမာနဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးပါ ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ 2020 ခုနှစ်ပါ )