Unicode
"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"
"အပိုင်း(၆)
..………………………………
"သမီး သတိရလာပြီ"
မျက်လုံးနှစ်လုံးဖွင့်သည်နှင့် အန်တီတစ်ယောက်က မေပျိုလက်ကို ဆုပ်ကိုင်ပြီး ဝမ်းသာအားရပြောသည်။ မေပျို သူ့ကို သိသလို ခံစားရသည်။ သို့သော် ဘယ်နေရာမှာ ဘယ်လိုမျိုးသိခဲ့လဲ ရုတ်တရက်စဉ်းစားမရ။ထိုအန်တီဘေးအနားမှာ ရပ်နေသည့် လူတစ်ယောက်ကလည်း မေပျိုကို ခပ်တည်တည်
နှင့် အကဲခတ် ကြည့်နေသည်။ သူ့မျက်လုံးကတော့ အန်တီလို စိုးရိမ်နေသည့် အရိပ်အယောင်များမရှိ။ မေပျိုကို မယုံကြည်သည့် အရိပ်အယောင်များပဲ တွေ့ရသည်။
"မင်း လွန်နေပြီ ထင်တယ်…အရင်ကလည်း
ငါ့ကို နယုန်တဲ့ အခု ငါ့အမေ့ကို အမေတဲ့။ မင်းမှာ ဘာအကြံအစည်ရှိလဲ ဘာလို့ အဲ့ဒီလိုတွေ လျှောက်လုပ်နေရတာလဲ"
ထိုလူ့ကိုကြည့်ရင်း သူပြောသည့်စကားများကို နားထဲပြန်ကြားယောင်မိသည်။ တဖြည်းဖြည်း မေပျို သူ့ကို သိစပြုလာခဲ့သည်။
"သမီး"
မေပျိုလက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ပြီးခေါ်သည့် အန်တီကို မေပျိုကြည့်လိုက်သည်။ အန်တီ၏ မျက်နှာသည် ကြည်လင်ပြီး မျက်ဝန်းများကနွေးထွေးလှသည်။
"သမီး ဒီအိမ်ကို ရောက်တာ နှစ်ခေါက်ရှိပြီ မှတ်မိလား"
"ဟုတ် …သမီး စိတ်အနှောင့်အယှက် ပေးခဲ့တာ ရှိရင် ခွင့်လွတ်ပါ"
မေပျို ခေါင်းကိုငုံ့ပြီး အသံတိမ်တိမ်နှင့် ပြောတော့ အန်တီက ခေါင်းကိုခါကာ ပြုံးပြီးကြည့်နေ၏။
"ရေစက်ရှိလို့ဆုံရတာ အနှောင့်အယှက် ဘယ်ဟုတ်ပါ့မလဲ…ဒါနဲ့ ညက မေမေခေါ်ပြီး အခုတော့ မေမေ မခေါ်တော့ဘူးပေါ့"
"ရှင်"
"မနေ့ကညကတော့ သမီး မေမေလို့ခေါ်တယ်လေ"
"ဟို အဲ့ဒါက…"
"မေမေ"
ခပ်ဆောင့်ဆောင့် အော်လိုက်သည့်အသံကြောင့် အန်တီရော မေပျိုပါ သူ့ကို မော့
ကြည့်လိုက်ကြသည်။ သူက စိတ်တိုနေသည့်ပုံနှင့် မေပျိုကို မကြည်သလို ကြည့်နေသည်။
"ပြောလေ သား"
"သူ သတိရနေပြီဆိုတော့ ဆရာကိုခေါ်လိုက်မယ်"
အသံက ခပ်ပြတ်ပြတ် ခပ်ဆောင့်ဆောင့်နိုင်လှသည်။အန်တီကတော့ အပြုံးမပျက်။
"အော် အေး ခေါ်လိုက်လေ"
"ဘယ်က ဆရာလဲ အန်တီ"
"သြော် သမီးကို ဆေးကုပေးတဲ့ ဆရာဝန်လေ
ခုနလေးတင် ပြန်သွားတာ သတိရရင် သူထပ်လာခဲ့မယ်ဆိုလို့"
"ဟို…အဲ့ဒါဆို သူ့ကို မခေါ်ပါနဲ့တော့"
မေပျိုစကားကြောင့် ဖုန်းဆက်ရန် ပြင်နေသည့် သူက စောင်ပေပေ ပြန်ကြည့်သည်။
"တကယ်နေကောင်းပါပြီ…ဆရာဝန်မပြလည်းရပါတယ်"
သူက စိတ်မရှည်သလို သက်ပြင်းဟင်းခနဲ ချပြီး ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်၏။
"မင်းနေကောင်းတာ သေချာလို့လား"
"ဟုတ်"
မေပျို တရားခံဖြေသလို ခေါင်းကို အဆုံးထိ ငုံ့ပြီးဖြေလိုက်သည်။
"ကောင်းတယ်ဆိုလည်း မခေါ်နဲ့တော့ သားရယ်။ သမီးစိတ်ချမ်းသာအောင် ထားလိုက်နော်…ဒါပေမဲ့ အားရှိမယ့် အစားအစာတော့ စားရမယ်နော်…အားမရှိလို့ ခဏခဏမေ့လဲတာ အဲ့ဒါကို သိလား"
မေပျိုခေါင်းညိတ်ပြတော့ အန်တီက ပြုံးပြီး မတ်တပ်ထရပ်၏။
"ဒါဆို စွပ်ပြုတ်လုပ်ထားတာလေး သွားနွှေးလိုက်ဦးမယ်… ခဏနေရင် စားရမယ်နော်"
မေပျို အားတောင့်အားနာနှင့်ပဲ ထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။
ထိုတော့မှ အန်တီက စိတ်ချလက်ချ အခန်းထဲကထွက်သွား၏။ ထိုလူကတော့ ထွက်မသွားသေးပေ။ တစ်ခုခု ပြောလိုဟန်နှင့် မျက်မှောင်ကြုံ့ အကဲခတ်နေတုန်းပင်။
မေပျို သူ့အကြည့်ကို မသိချင်ယောင်ဆောင်ကာ ကုတင်ပေါ်ကဆင်းလိုက်သည်။
"ဒါက ဘယ်လဲ…"
အပြောနှင့်အတူ မေပျိုရှေ့သို့ သူရောက်လာပြီး မားမားကြီး ကာဆီးရပ်ထား၏။ မေပျို သူ့ကို မျက်လုံးအဝိုင်းသားနှင့် တအံ့တသြကြည့်နေတုန်းမှာပင် သူက
"ဟိုတစ်ခေါက်တုန်းကလည်း အဲ့ဒီအတိုင်းပဲ။ တဆိတ်လောက် မင်းလုပ်ပုံမဟုတ်ဘူးလို့မထင်ဘူးလား"
"ရှင် "
"ငါတို့က လူကောင်းတွေဆိုတာ မင်းအကဲခတ်တတ်ရင် သိမှာပါ။ မင်းသာ လူကောင်းမှန်းမသိ လူဆိုးမှန်းမသိဘဲ
ငါတို့က ခေါ်လာမိတာ။ အဲ့ဒီတော့ ကျေးဇူးမတင်ရင်နေ လူမှုရေး မသိတတ်တာတော့
မလုပ်ပါနဲ့။ ငါက ဘာမှမဖြစ်ပေမယ့် ငါ့အမေကိုတော့ မင်း အားနာသင့်တယ်"
"အခု ကျွန်မ ဘာလုပ်မိလို့လဲ"
"အခု မင်းလုပ်ဖို့ ပြင်နေတာလေ…အရင်လိုပဲ
မင်း ဘယ်သူ့ကိုမှ မပြောဘဲ ထွက်သွားဦးမယ် မဟုတ်လား"
"မဟုတ်ပါဘူး…ကျွန်မ သန့်စင်ခန်းသွားမလို့"
"ဟမ်"
ကြားလိုက်ရသည့်စကားကြောင့် ဘုန်းသစ်မင်း မျက်နှာရဲခနဲဖြစ်သွားသည်။ ဘာပြောလို့ပြောရမှန်းမသိ ကိုယ့်အဖြစ်ကိုယ်တွေးပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
"သွားလို့ရတယ် မဟုတ်လား"
"သွားပေါ့ မင်းကို ဘယ်သူကတားနေလို့လဲ"
"ဟုတ်"
ဘုန်းသစ်မင်း ခပ်တည်တည်နှင့် အခန်းအပြင်သို့ ပြန်ထွက်လာခဲ့သည်။
"ဟား"
စဉ်းစားရင်း အသက်ရှူတောင် ကြပ်မိသလိုပင်။ မမေးမစမ်း လျှောက်ပြောမိသဖြင့် ရှက်မိသလို ခံစားရသည်။ ထို့ကြောင့် ဝရံတာဘက်ထွက်ရပ်ကာ စိတ်ကို အတတ်နိုင်ဆုံး မေ့ဖျောက်ရသည်။
ဒီကလေးမလေးက ပဟေဠိဆန်သည်။
သူ့စိတ်ကိုဘယ်လိုမှ ကြိုတွက်မရ။
ဘာပဲဖြစ်ဖြစ် ခဏပဲတွေ့ရမှာပဲလေ။
ဒီတစ်ခါပြီးရင်တော့ ထပ်တွေ့စရာ မရှိတော့ပါဘူး။
"သားရေ မနက်စာ စားမယ်လေ ဆင်းခဲ့တော့"
မေမေ့အော်သံကြောင့် သူ အောက်ထပ်သို့ဆင်းလာခဲ့သည်။ အရင်နေ့နှင့်အတူ မေမေ့အသံက ရွှင်မြူးနေသည်။
မေမေနဲ့လည်း ခက်သေးတယ်။ ဘာတွေဖြစ်ဦးမလဲ မသိ။
ဘုန်းသစ်မင်း ညည်းညည်းညူညူနှင့် ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။ ထမင်းစားပွဲမှာ ထိုမိန်းကလေးက စားပွဲခုံမှာ အခန့်သား ထိုင်နေ၏။
သူ …ထိုမိန်းကလေးရှေ့က ထိုင်ခုံရှေ့တည့်တည့်မှာ ခပ်တည်တည် ဝင်ထိုင်လိုက်ပြီး ထိုမိန်းကလေးကို မသိမသာအကဲခတ်လိုက်သည်။ ဘယ်ကိုမှ မကြည့် ခေါင်းငုံ့ထားသော်လည်း အားနာနေပုံပေါက်၏။
"ရော့ သမီးလေးအတွက် ကြက်စွပ်ပြုတ် ပူပူလေး နွှေးထားတာ။ အားရှိအောင် သောက်ရမယ်နော်…အရွက်လေးပါ ထည့်ပေးထားတယ်…များများစား ဒါမှ အားရှိမှာ"
"ဟုတ် ကျေးဇူးတင်ပါတယ် အန်တီ"
"မလိုပါဘူး…သမီးရယ် နောက်ထပ် သမီး ဘာစားချင်သေးလဲ။ အန်တီကို ပြော…အန်တီအကုန်ချက်ကျွေးမယ်"
"ဟုတ် ရပါပြီ…ဒီလောက်နဲ့တင် ကျေးဇူးတွေ
များနေပါပြီ"
"သြော် မလိုပါဘူးဆို သမီးရယ်"
"အဟမ်း အဟင်း"
ဘုန်းသစ်မင်း ချောင်းထဟန့်ပြီး မေမေ့ကို ရှုတည်တည်ကြည့်လိုက်သည်။ ထိုအခါမှ မေမေက သူ့ဘက်လှည့်ပြီး
"ဟော သား…ဘာမှထည့်မစားဘဲ ဘာထိုင်လုပ်နေတာတုန်း ထည့်စားမှပေါ့…ကလေးလဲ မဟုတ်တော့ဘူး"
"အဲ့ဒီလိုပဲ သမီးရေ…သားတစ်ယောက်ရှိတယ်။ အခုထိ အမေမပါရင် မပြီးဘူး"
မုန့်ဟင်းခါးထည့်ပေးပြီး ပွစိပွစိလုပ်နေသော မေမေ့စကားကို ဘုန်းသစ်မင်း ခပ်တည်တည်ပဲ နားထောင်နေလိုက်သည်။ အရင်ကဆို သူလည်း ကိုယ့်ဘာသာထည့်စားနေကျပါ။ဒီနေ့မှ ဘာလို့ ကလေးဆန်ချင်မှန်းမသိ။
YOU ARE READING
သူမချစ်သော မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )
Romanceမိုးဖြစ်စေတဲ့ တိမ်တချို့ကို ကျွန်တော်အားကျပါတယ် ကျွန်တော်ကတော့ ပြယ်လွင့်ရမယ့် တိမ်တစ်စပါပဲ ( သူမဆိုတဲ့ စကားလုံးဟာ မြန်မာအဘိဓာန်မှာ မရှိတာသိရက် စာရေးသူကခေါင်းမာမာနဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးပါ ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ 2020 ခုနှစ်ပါ )