Part 12

282 8 2
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၁၂)
..………………………………
             
ကြားလိုက်ရသည့် စကားသည် ရင်ကို ကျဉ်ခနဲ ဖြစ်စေသည့်အပြင် ဣ‌န္ဒြေဆည်မရအောင်ကို ရှော့ဖြစ်စေ၏။ထိုသို့ဖြစ်သွား၍ ကိုယ့်ကိုကိုယ်လည်း မကျေနပ်မိပေ။အိပ်မက်သာဖြစ်ခဲ့လျှင် သူ အတင်းကုန်းထပစ်မှာပင်။သို့သော် ပြန်တွေးကြည့်ပြန်ရင်လည်း အိပ်ရင်း ထယောင်သည့် စကားကဲ့သို့ အဓိပ္ပာယ်မရှိ ဖြစ်နေပြန်သည်။
           
"မင်းဟာက ဟုတ်ပါ့မလား"
           
သူ့အမေးကို အမေးခံရသူက သေချာသည့် မျက်နှာပေးနှင့် ခေါင်းကို ဆတ်ခနဲညိတ်ပြသည်။အလုပ်ကို စေ့စေ့စပ်စပ် လုပ်တတ်သည့် တပည့်ကျော်ဖြစ်၍ ထပ်ပြီး စောဒက မတက်လို။ သို့သော် ကြားလိုက်ရသည့် သတင်းကိုလည်း မယုံချင်ပေ။
          
အသက်ဆယ့်ကိုးနှစ်အရွယ်လောက်ပဲ ရှိ
သည့် ကလေးသာသာ အရွယ်က လွန်ခဲ့သည့် သုံးနှစ်က အိမ်ထောင်ကျခဲ့ဖူးသည်တဲ့။
          
ဟူးးး မင်းဟာက မလွန်ဘူးလား မေပျို။

ဘုန်းသစ်မင်း စိတ်ထဲကပဲ မခံချိမခံသာ မေးလိုက်မိသည်။စိတ်ထဲလည်း မကျေနပ်။ထပ်ကြားရသည်စကားတွေကလည်း ကျေနပ်စရာ တစ်ခုမှ မကောင်းပေ။
           
"သူ အခု ဘယ်မှာ နေနေလဲ"
           
"အဆောင်မှာ ငှားနေပါတယ်…ဒီထဲမှာအဆောင်လိပ်စာနဲ့ ဖုန်းနံပါတ် ထည့်ပေးထားတယ်"
            
"ဖုန်းက သူ့ဖုန်းလား"
            
"ဟုတ်တယ်။သူနောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ဆီက ယူထားတာ…နောက်ပိုင်း ပြောင်းမလားတော့ မသိဘူး…သူကမိုးရာသီဆို ဖုန်းပိတ်ထားတာ များတယ်တဲ့"
             
"မိုးရာသီ"
              
"ဟုတ်ကဲ့ သူအရင် လုပ်ခဲ့တဲ့ အလုပ်ကို စုံစမ်းကြည့်ရသလောက်…သူက စကားကို လိုတာထက်ပို မပြောဘူး…
အလုပ်တော့ သေချာလုပ်တတ်တယ်…တစ်ယောက်တည်း နေတာများတယ်…အလုပ်စလျှောက်ကတည်းက မိုးစရွာတဲ့နေ့ အလုပ်နားမယ်လို့ ပြောတယ်တဲ့"
              
"ဒါဆို…သူ အခု အလုပ်မလုပ်ဘူးပေါ့"
              
"ဟုတ် မိုးတွင်းဆို လျှောက်သွားတာ များတယ်။ ညဘက် ပြန်မလာတာလည်း ရှိတယ်တဲ့"
              
"ညဘက်ပြန်မလာတာကို ဘယ်သူပြောလဲ"
               
"အဆောင်မှာ သူနဲ့ အတူနေတဲ့ ကောင်မလေး ပြောတာ"
               
" အင်း"
                
ဘုန်းသစ်မင်း ဘာမေးရမလဲ မသိသည့်အဆုံး သက်ပြင်းကို မျှင်းမျှင်းချကာ စဉ်းစားနေမိသည်။
            
"သူ့ဦးလေးရန်ကတော့ ကြောက်စရာပဲနော် မောင်နိုင်"
             
"ဟုတ်တယ် ဆရာ။သူ့ဦးလေးထွက်လာတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ် သူတို့မတွေ့လောက်သေးဘူး"
              
"တွေ့ရင်ရော  ဘာဖြစ်မယ်ထင်လဲ"
              
"အဲ့ဒါက…"
               
မောင်နိုင်က ခဏငြိမ်သွားသည်။သူ မော့ကြည့်တော့မှတွေးတွေးဆဆပုံနှင့် စဉ်းစားပြီး
              
"အရွယ်လည်း ရှိသေးတော့…ကောင်မလေးကို ယောကျာ်းပေးစားတာတို့ ဘာတို့လုပ်နိုင်တယ်။ရောင်းစားတာတွေ ဘာတွေတော့"
              
"လုပ်လို့မရပါဘူး…သူက ဘာမို့လဲ"
               
ရုတ်တရက် စိတ်လွတ် လက်လွတ် ထပြောမိသည့်အခါ မောင်နိုင်က ပြောလက်စရပ်ကာ ကြောင်တောင်တောင် ပြန်ကြည့်သည်။
               
"ဟုတ်တယ်လေ…ဥပဒေ မရှိတဲ့ တိုင်းပြည်မှ မဟုတ်တာ…"
               
သူ့စကား သူအမြန်ပြန်ဖြည်လိုက်သော်လည်း မောင်နိုင်က ဘာသဘောပေါက်သွားလဲမသိ။ပြုံးစိစိ ပြန်ကြည့်၏။
               
"ဟုတ်ပါတယ်… ကျွန်တော်ကလည်း ကျွန်တော်ထင်တာကို ပြောကြည့်တာပါ…"
               
မောင်နိုင် အပြုံးကို မကြိုက်၍ မျက်မှောင်ကြုံ့ပြီးပဲ ကြည့်နေမိသည်။
               
"မနက်ဖြန်ဆို…သူ့ယောကျာ်းဆုံးတာ သုံးနှစ်ပြည့်ပြီ ဆရာ…"
                
"ဟုတ်လား"
                 
ချက်ချင်းဆိုသလို ရင်ထဲပူခနဲ ဖြစ်သွားမိသည်။မနက်ဖြန်သာ မိုးရွာလျှင် လျှောက်သွားနေဦးမှာ သေချာ၏။ဟိုအရင်တစ်ခါလို လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရင်တော့ မတွေးရဲစရာပင်။
                
"ဆရာ ဘာမေးဦးမလဲ"
                  
အတွေးနယ်ကျွံနေ၍ ဘေးမှာ ရပ်နေသည့်သူကိုပါ ခဏမေ့သွား၏။
                
"ရပြီ…သွားတော့…သူ့ဦးလေးအကြောင်းပါ ထပ်စုံစမ်းပေးပါ…ငွေလိုရင် ဦးအောင်ကို ပြောပြီး ထုတ်သွားလိုက်"
                  
"ဟုတ် ဆရာ ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"
                   
"အင်း…ဂရုစိုက်သွား"
                   
မောင်နိုင်ထွက်သွားသည့်တိုင် အတွေးက မပြတ်ဘဲ စားပွဲတွင် ငူငူငိုင်ငိုင် ထိုင်နေမိသည်။ပြီးနောက် ထိုင်ခုံပေါ် ပစ်ထိုင်ပြီး ခုံကို လှည့်ထိုင်လိုက်သည်။မှန်နံရံတွင် စီးကျနေသော မိုးရေစက်များကို မြင်သည့်အခါ မျက်မှောင်ကြုံ့လိုက်မိသည်။
                   
စက်တင်ဘာကုန်လို့ အောက်တိုဘာထဲ ရောက်နေပြီ မဟုတ်လား။မိုးက မကုန်သေးဘူးလား။ဘယ်အထိ ရွာနေမှာလဲ။တကယ့်ကို လွန်လွန်းသည်။
                   
တွေးရင်း စိတ်ထဲတိုလာမိသည်။စိတ်ထဲ မကျေမနပ်နှင့် ချက်ချင်းဆို ထိုင်ခုံကိုပြန်လှည့်ထိုင်လိုက်ပြန်သည်။ သူ့စိတ်တွေ မငြိမ်။
                  
သူ့ခေါင်းထဲမှာ အတွေးတွေ အများကြီး ဖြစ်နေ၏။အလုပ်ပြီး၍ အိမ်ပြန်ရောက်သည့်အထိလည်း ထိုအတွေးတွေကို
မထုတ်ဖြစ်နိုင်ခဲ့။
                 
"သား ဘာမှလည်း မစားပါလား…ဘာတွေ တွေးနေတာလဲ"
                  
ထမင်းစားရင်း နက်နက်နဲနဲ အတွေးလွန်နေသည့် သူ့ကို အမေက သေချာကြည့်ပြီး မေးနေ၏။
                    
"သား စဉ်းစားစရာ တစ်ခုရှိလို့ပါ"
                     
"မေပျို အကြောင်းလား"
               
ဘာရယ်မဟုတ် မေမေပြောလိုက်ခြင်းပဲ ဖြစ်မည်။သို့သော် သူကတော့ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ ဖြစ်သွား၏။
                 
"ဘာလို့ အဲ့ဒီကောင်မလေးအကြောင်း တွေးရမှာလဲ။သားမှာ တွေးစရာတွေမှ တပုံကြီး။မေမေ အဲ့ဒီကောင်မလေးအကြောင်း  နေရာတကာ မပြောစမ်းပါနဲ့"
                    
ပြောရင်း ထမင်းစားပွဲမှ ဝုန်းခနဲ ထရပ်မိသည့်အခါ မေမေက မျက်လုံးအဝိုင်းသားနှင့် လိုက်ကြည့်နေ၏။
                   
"ဟော ဘယ်လိုဖြစ်သွားတာလဲ မေမေက ဒီအတိုင်းပဲ ပြောတဲ့ဟာကို"
                   
သူ ဧည့်ခန်းထဲထွက်လာတော့ မေမေက နောက်က လိုက်လာ၏။
                   
"သား ဘာကို စိတ်တိုနေတာလဲ"
                   
"မတိုပါဘူး"
                   
ခပ်တည်တည် ပြောပြီး တီဗွီ ခလုတ်ကို နှိပ်လိုက်သည်။တိုက်ဆိုင်စွာပင် လာနေသည့်သီချင်းက အဲ့လက်စ်၏ မိမိုးကို သီချင်း ဖြစ်နေ၏။
                   
သေတောင် နောင်ကြဉ်သွားမယ့် အဖြစ်ဆိုးတွေ တိုးခဲ့လည်း ရင်ထဲမှတ်ရန် အငြိုးတွေ မထားပါ…တဲ့။
               
သူ စိတ်တိုတိုနှင့် တီဗွီခလုတ်ကို ပိတ်ပစ်လိုက်သည်။
                
"ဟယ် သီချင်း ကောင်းတယ်လေ ဒီကလေး ဘယ်လိုဖြစ်နေလဲ"
                 
မေမေက သူ့လက်ထဲက တီဗွီရိမုခ်ကို ဆွဲလုပြီးပြန်ဖွင့်၏။
               
"မိုးကို ချစ်လိုက်တာလေ…မိမိုးကို ချစ်လိုက်တာလေ…"
               
အဆက်မပြတ် ကြားနေရသည့် သီချင်းသံကို မကြားချင်တော့သည့်အဆုံး ထိုင်ခုံမှ ထရပ်လိုက်သည်။
               
"သား အိပ်တော့မယ်"
                
"အိပ်တော့မလို့လား အစောကြီး ရှိသေးတယ်လေ"
                 
"သား လုပ်စရာလေး ရှိသေးလို့ မေမေလည်း
စောစောအိပ်ဦး"
                 
ပြောလည်းပြော အခန်းထဲသို့ တန်းဝင်လာခဲ့သည်။အခန်းထဲရောက်ရောက်ချင်း စာကြည့်စားပွဲမှာ ခဏထိုင်ဖြစ်သည်။
စားပွဲပေါ် မျက်စိရောက်ပြန်တော့လည်း မောင်နိုင်ပေးခဲ့သည် မေပျိုနှင့် ပတ်သတ်
သည့် ဖိုင်ကို အရင်ဆုံးသွားကြည့်မိသည်။စိတ်မရှည်စွာပင် ဖိုင်ကို ဆွဲယူပြီး အံဆွဲထဲ
ထည့်လိုက်သည်။ပြီးနောက် ဘာမှအာရုံစိုက်မရသည့်အဆုံး အိပ်ရာပေါ်လည်း ပစ်လှဲအိပ်လိုက်သည်။နဖူးပေါ်လက်တင်ပြီး မျက်နှာကျက်ကို ကြည့်မိသည်။
                 
"မနက်ဖြန်ဆို…သူ့ယောကျာ်းဆုံးတာ သုံးနှစ်ပြည့်ပြီ ဆရာ…"
                
"သူ့ယောကျာ်းဆုံးတာ…သုံးနှစ်ပြည့်"
                
နားထဲ ပဲ့တင်လာသည့် အသံများစွာကို စိတ်ထဲက နှင်ထုတ်ပစ်သည်။တကယ်ဆို သူနှင့်လားလားမှ မဆိုင်သည့် အရာတွေပါ။အဲ့ဒါကိုပဲ ဘာကြောင့် ခံရခက်နေလဲ မသိ။
                 
သူ စိတ်ရှုပ်ထွေးစွာ ထထိုင်ပြီး ရေချိုးခန်းထဲ
ဝင်လာခဲ့သည်။တဖွားဖွားကျနေသော ရေပန်းအောက်မှာ သူရပ်နေမိသည်။
                
မချစ်ဘူး။ငါ ဒီမိုးစက်တွေက သိပ်မုန်းတာ။
                
တစ်ချိန်က ထိုကလေးမလေးကို  အားရပါးရ အော်ပြောပစ်ခဲ့သလို အခုလည်း အော်ပစ်ချင်စိတ်ပေါက်နေမိသည်။
ရေစိုနေသော ဆံပင်တွေကို သပ်တင်ပြီး မျက်နှာကို မော့လိုက်သည်။ရေစက်များ မျက်နှာပေါ် တဖွားဖွားကျနေ၏။
               
ငါ မိုးကို မုန်းတာ သေချာပါတယ်။ငါက မိုးကို ဘယ်တော့မှ မချစ်ခဲ့ဘူး။နောင်လည်း ငါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး။
အဲ့ဒါကြောင့် မိုးနဲ့ ပတ်သတ်တဲ့ အရာမှန်သမျှဟာ ငါနဲ့မဆိုင်ဘူး။
                
ထိုသို့တွေးနေရင်းမှ ရင်ထဲစူးခနဲဖြစ်သွားတာတော့ အံ့သြစရာကောင်းလှသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now