Part 21

240 7 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၂၁)
..………………………………
         
" သူ လုံးဝ အပြင်မထွက်ဘူးလား"
          
"ဟုတ်"
          
ဦးအောင်က စိတ်မောလူမောပုံနှင့်  ပင့်သက်ကိုချသည်။ ပြီးနောက် စားပွဲပေါ်မှ ဖိုင်တွဲများကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေသည်။
          
"တစ်ချို့ အလုပ်တွေက ဦးအောင် လုပ်လို့ရပေမယ့် တကယ့် အရေးပါတဲ့ အလုပ်တွေကျ သူ့ဆုံးဖြတ်ချက်နဲ့မှ ဆက်သွားလို့ရမယ်။ ဒီလို အလုပ်ကို အကြာကြီး ပစ်ထားလို့တော့ အဆင်မပြေဘူး သမီး"
          
"ဟုတ်"
           
မေပျို အလိုက်သင့် ခေါင်းညိတ်နားထောင်မိသည်။ သူ အလုပ်မသွားသည်မှာ တစ်လနီးပါး ပြည့်တော့မည် ဖြစ်သည်။

သူ ဘာမှ မလုပ်ချင်ဘူးဟု ဆိုကာ အခန်းထဲပဲ နေသည်က များသည်။ အခုလည်း ဦးအောင်ရောက်မှန်းသိလျက် သူ အပြင်မထွက်။ ဦးအောင် အဆင်ပြေသလိုလုပ် ဟုပဲ အလွယ်ပြောပြီး ဖုန်းချခဲ့သည်။

mail တွေလည်း မဖတ်ဟု ဦးအောင်က ညည်းညည်းညူညူ ဆိုရှာသည်။
        
"ဦးထင်တာ သူ စိတ်ဓာတ်ကျနေတာ ဖြစ်မယ်"
         
"မသိဘူး။ အခု သူ့ အခန်းတံခါးကို သွားခေါက်ကြည့်မလား။ ဦးအောင် ရောက်နေတယ်လို့ ပြောလိုက်မယ်လေ"
          
"အေး လုပ်ပါဦး သမီးရယ်။ အလုပ်အကြောင်း မဟုတ် ရင်တောင် အခြေအနေလေး သိရတာပေါ့"
           
မေပျို စိတ်လေးလေးနှင့် အခန်းတံခါးကို ခေါက်လိုက်သည်။
          
"ခေါက်လည်း အပိုပဲ။ ဖွင့်ပေးမှာ မဟုတ်ဘူး။  အဲ့ဒီကလေးက သူ မလုပ်ချင်ရင် ဘယ်သူမှ ခိုင်းလို့မရဘူး။ သူ့ကို သူ့အမေပဲ ပြောလို့ရတယ်။ ခေါက်လည်း မောရုံပဲ ရှိမှာ"
           
ဒေါ်လေးက ခပ်စွာစွာ လာပြောသည့်အခါ ဦးအောင်က စိတ်လျှော့ပြီး ပြန်သွားသည်။ ဖိုင်တွဲကို ပေးရင်း
          
"မိတ်ဆွေတွေဆိုတာ အချင်းချင်း ဖေးမနေတာပဲ မဟုတ်လား သမီး။ သမီး အားငယ်နေတဲ့အချိန်မှာ သားရှိခဲ့သလို သား အခုလို ဖြစ်နေတဲ့အချိန်မှာလည်း သားကို ပစ်မထားပါနဲ့လို့ ဦး တောင်းဆိုပါရစေ"
           
"ဟုတ်ကဲ့"
            
"သားကို အလုပ်တွေ ပြန်လုပ်အောင် ဖြောင်းဖျပါဦး သမီးရယ်။  သူ ကြိုးစားထားတာတွေ အလကား မဖြစ်စေချင်လို့ပါ။ ဖိုင်ကိုလည်း သားကို ပေးဖြစ်အောင် ပေးပေးပါ"
            
မေပျို စိတ်မသက်မသာနှင့်ပဲ အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ သူ့လို ခေါင်းကြောမာတဲ့သူကို ဘယ်သူက နားဝင်အောင် ပြောနိုင်မှာ မို့လို့လဲ။ မေပျို သူ့အခန်းတံခါးကို ငေးကြည့်ပြီး တွေးမိသည်။
            
ထိုအချိန် သူ့အခန်းတံခါးသည် ဖျတ်ခနဲ ဖွင့်လာသည်။ မေပျို လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး စားပွဲပေါ်မှ ဖိုင်တွဲကို ကောက်ယူလိုက်သည်။
             
"ဦးလေးကြီး"
              
မေပျို ဝမ်းသာအားရ ခေါ်သော်လည်း သူက မသိဟန်ဆောင်ပြီး နေ၏။
              
"ဦးလေးကြီး ခုနက ဦးအောင် လာသွားတယ်။ ဒီဖိုင်တွေက  ဦးလေးကြီး ကြည့်ဖို့ လိုတယ်တဲ့"
             
မေပျို သူ့နောက်မှ တကောက်ကောက် လိုက်ပြီး ပြောသော်လည်း သူက မကြားဟန်ဆောင်နေ၏။
             
"ဦးလေးကြီး ဒါလေး ခဏကြည့်ပါလား။  အမြတ်တွေ အများကြီး မြတ်မှာတဲ့။ 
ငွေတွေ အများကြီး ရမှာနော်"
             
သူ့စကားကြောင့် စိတ်မရှည်သလို ခပ်ဆတ်ဆတ်ကြည့်သည့်အခါ မေပျို ကိုယ်ရှိန်သတ်သွားပြီး ပါးစပ်ပိတ်သွားသည်။
              
"ဘာလဲ ။ ငွေမမက်တော့ဘူးလား"
               
မေပျို မရဲတရဲ ပြောသည့်အခါ သူက မပြောချင် မဆိုချင် စိတ်ပျက်နေသည့်ဟန်နှင့် မီးဖိုခန်းထဲ ဝင်သွား၏။ ခဏအကြာ ပြန်ထွက်လာသည့်အခါ သူ့လက်ထဲတွင် ကတ်ကြေးတစ်လက် ပါလာသည့်အခါ မေပျို မျက်လုံး အဝိုင်းသား ဖြစ်သွားမိသည်။
              
"ဦးလေးကြီး ဘာလုပ်မလို့လဲ"
               
မေပျို ထိတ်ထိတ်ပျာပျာနှင့် သူ့ အခန်းထဲထိ ဒရောသောပါး လိုက်လာခဲ့သည်။ သူသည် သွေးအေးလှသည့် လူဖြစ်နေ၍ စိတ်ချ လက်ချ ထား၍ မဖြစ်ပေ။
            
"ဦးလေးကြီး အဲ့ဒီလို မလုပ်ပါနဲ့။ သူများကိုကျ လူ့ဘဝ လွယ်လွယ် အရှုံးမပေးနဲ့ ပြောပြီး ဦးလေးကြီးကျတော့ ဘာလို့ လွယ်လွယ် အရှုံးပေးရတာလဲ"
           
မေပျို သူ့လက်ကို လှမ်းဆွဲပြီး တားလိုက်သည်။ သူက မေပျို ဆွဲထားသည့်လက်ကို ကြည့်ပြီး မေပျို မျက်နှာကို နားမလည်သလို ပြန်ကြည့်၏။
           
"သတ်သေမလို့လား။ သတ်သေပြီး အန်တီနောက်ကို လိုက်မလို့လား။ ပြန်စဉ်းစားပါဦး"
          
"သတ်သေမယ်။ ဘယ်သူကလဲ"
           
"ဦးလေးကြီးလေ အခု ကတ်ကြေးယူလာတာ သတ်သေဖို့ မဟုတ်ဘူးလား"
          
မေပျိုစကားကြောင့် သူက မရယ်ချင် ရယ်ချင်ပုံနှင့် ထရယ်၏။
           
"လုပ်စရာ ရှိလို့ ယူလာတာပါ။ ငါ့ကို မင်းလို ကလေးဆန်မယ် ထင်လို့လား"
           
ထိုအခါ  မေပျို သူ့လက်ကို မကျေမနပ်နှင့် ဆောင့်ဆောင့်အောင့် လွှတ်ပေးလိုက်သည်။
           
"မဟုတ်ရင် ပြီးရောပေါ့။ လူကို ပုတ်ပုတ်ခတ်ခတ် ပြောသးတယ်။ ဒီမှာ ဖိုင်ထားခဲ့မယ်။ ကြည့်ပေးတဲ့ ဦးအောင်က"
            
"ဟေ့ မထားခဲ့နဲ့"
             
သူ့အော်သံကြောင့် မေပျို လန့်သွားမိသည်။ သူက မေပျို ချထားခဲ့သည့် ဖိုင်ကို ဆွဲယူပြီး မေပျို လက်ထဲ ပြန်ထည့်ပေး၏။
            
"မကြည့်ချင်ဘူး"
             
"ဘာလို့လဲ"
             
"အခုလောလောဆယ်တော့ အေးအေးဆေးဆေးပဲ နေချင်တယ်။
ငွေရှာရတာကို မုန်းနေပြီ။ ဘာအတွက် ရှာနေမှန်း မသိ ပြီးရင် ဘာမှတတ်နိုင်တာလည်း မဟုတ်ဘူး။ သေရင် အကုန်ထားခဲ့ရမှာပဲ"
            
မေပျို ပင့်သက်ချပြီး သူ့ကို ကြည့်မိသည်။ သူသည် အတိအကျကို စိတ်ဓာတ်ကျနေပြီ ဖြစ်သည်။
            
"အဲ့ဒီတော့ ဦးလေးကြီး ဘာလုပ်မယ် စဉ်းစားထားလဲ"
             
"မသိသေးဘူး"
              
ဘုန်းသစ်မင်း ကတ်ထူစက္ကူကို ယူပြီး ပေတံနှင့် တိုင်းကာ ခဲနှင့်မှတ်ပြီးနောက် ဓားနှင့် တိတိရိရိ ဖြတ်၏။ ပြီးနောက် ကော်ဖြင့်သုတ်သည်။ မေပျိုသည် သူ့ဘေးတွင် ငြိမ်သက်စွာ ထိုင်ကြည့်နေသည်။
            
ကတ်ထူကို အိမ်ပုံစံ အခြေတည်ပြီးနောက်  ကတ်ထူစက္ကူ၏ အပေါ်ယံကို ခွာကာ လှိုင်းတွန့်နေသည့် မျက်နှာပြင်ကို ပါးပါးခေါက်ကာ ခေါင်းမိုးပုံစံ အုပ်လိုက်သည့်အခါ မေပျို တအံ့တသြဖြစ်သွားမိသည်။
              
"တကယ့်အိမ်ဖြစ်သွားတာပဲ။ မိုက်တာ"
               
"ဝရံတာ ယူမလား"
               
"အင်း"
               
"ခြံပါ ခတ်လိုက်ရင်ရော"
                
"အင်း လာမယ်"
                
တုတ်ချောင်းလေးတွေနှင့် စီစီရီရီ ခြံဝန်းပုံစံ  ခတ်ပြီး လမ်းလေးပါ ခင်းလိုက်သည့်အခါ အိမ်လေးသည် ခြံဝန်းလေးနှင့် ချစ်စဖွယ် ဖြစ်သွား၏။
                
"မိုက်တာ ။ ကတ်ထူနဲ့ပဲ အိမ်ဆောက်သွားတာနော်"
                 
"သံနဲ့ဆောက်တာလည်း ရှိတယ်။ ဘိလပ်မြေနဲ့ အုတ်ခဲတွေနဲ့"
                  
"ဟုတ်လား။ အဲ့ဒါဆို အကြီးကြီးလား"
                   
"ဟင့်အင်း အသေးလေးပဲလေ။ စကေးပုံစံတူ ဆောက်တာ diorama လို့ခေါ်တယ်"
                    
"သြော်"
                   
" ရေကူးကန် လိုချင်လား"
                   
"  အင်း မြက်ခင်းရော ခုံတန်းလေးရော"
                   
"အိုကေ ရမယ်ဗျာ"
                    
မေပျို စိတ်ထဲရှိသလို ပြောလိုက်သော်လည်း သူက တကယ့်ကို မြက်ခင်းအတုနှင့် ရေကူးကန်ပုံစံလေး တက်တက်ကြွကြွလုပ်ပေး၏။
                    
"ပန်းလေးတွေလည်း  စိုက်မယ်"
                    
"ဝါး ပန်းပင်သေးသေးလေးတွေ ။တကယ့်ကို အပြင်မှာလို အကုန်ရှိနေတာပဲ"
                    
"ကားလိုချင်သေးလား"
                    
"ကား ရှိလို့လား ။ သေးသေးလေးလား"
                     
"အင်း။  ဟိုး showcaseထဲက ကြိုက်တဲ့ ကား ရွေးခဲ့"
                     
သူက မှန် showcase ကိုတလက်ညှိုးထိုးပြ၏။ မေပျို နေရာမှ ထပြီး ကြည့်လိုက်
သည့်အခါ ရုတ်တရက်  ပါးစပ်အဟောင်းသားပင် ဖြစ်သွား၏။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now