Part 16

257 8 1
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၁၆)
..………………………………
           
"မေမေ"
            
ဘုန်းသစ်မင်း ကားတံခါးကို ဝုန်းခနဲ ပိတ်ပြီး တိုက်ထဲသို့ ပြေးဝင်လာခဲ့သည်။ဒီနေ့ စိတ်မကြည်၍ အိမ်ကို ဖုန်းမဆက်ခဲ့။ထိုအရာကပဲ ပိုဆိုးသွားစေခဲ့သည်။နေ့ခင်းရောက်တော့ ဒေါ်လေးက ငိုသံကြီးနှင့် ဖုန်းဆက်လာသည်။မေမေတစ်ယောက် အခန်းတံခါးပိတ်ပြီးနေနေသည်မှာ တစ်နာရီကျော် ကြာပြီတဲ့။ဘယ်သူခေါ်ခေါ် လာမဖွင့်ပေးဘဲ နေသည်တဲ့။
             
သူ ရင်တွေပူသွားရသည်။မေမေသည် ဖေဖေ ဆုံးပါးခါစက တစ်ကြိမ် လွန်ခဲ့သည့် နှစ်နှစ်နီးပါးက တစ်ကြိမ် ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးသူမို့ သူ့မှာ အိမ်တွင် CCTV များတပ်ပြီး ထားရသည်အထိ စိတ်မချ ဖြစ်ခဲ့ရသည်။အခုလည်းမေမေ တစ်ခုခုများ လုပ်နေပြီလားဟု တွေးပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရသည်။
          
လုပ်လက်စ အလုပ်တွေ အကုန်ပစ်ချပြီး  ကားကို တရကြမ်း မောင်းလာသည့် တစ်လျှောက်လုံးလည်း ထိုအကြောင်းပဲ
တွေးလာခဲ့သည်။
           
"သားကလည်း ပြန်မလာတော့ဘူး ပြောတယ်ဆို။မေပျိုကလည်း အဆောင်မှာ နေမယ် ပြောလို့တဲ့ ကလေးလိုပဲ ငိုပြီး အခန်းထဲဝင်သွားတာ။အခု ဘယ်လိုပြောပြော ဖွင့်မပေးဘူး။အခန်းတံခါးသော့လည်း ယူသွားတယ်။ဒေါ်လေး ဘာလုပ်ရမှန်း မသိတော့ဘူး။မေပျိုကလည်း ငိုပဲ ငိုနေတယ်"
             
ဒေါ်လေးစကားကို နားထဲပြန်ကြားရင်း စိတ်တွေ လောနေခဲ့သည်။အိမ်မရောက်ခင်ကတည်းက ခြံတံခါးဖွင့်ဖို့ ဖုန်းဆက်ထားသည်။အရံသင့် ဖွင့်ထားသည့် ခြံထဲ တရကြမ်းမောင်းဝင်လာပြီး ကားကိုလည်း ဆင်ဝင်အောက်မှာပဲ ထိုးရပ်ပြီး မေမေ့အခန်းဆီသို့ ဝရုန်းသုံးကား ပြေးဝင်လာခဲ့သည်။
              
ဒေါ်လေးကလည်း သူ့နောက် တောက်လျောက်ပြေးလိုက်လာ၏။
              
"ဒေါ်လေး ဒေါက်တာကို ဖုန်းခေါ်ထား…
လိုလိုပိုပို သော့ပြင်ဆရာပါ ခေါ်ထားလိုက်… မြန်မြန်လုပ်"
               
"အေး အေး "
                 
သူ့မေမေ့အခန်းရှေ့ရောက်တော့ မေပျိုက အခန်းတံခါးကို တူနှင့် တံခါးကို ရိုက်ဖွင့်နေ၏။
                  
"ဒုန်း ဒုန်း"
                  
"မေပျို"
                   
သူ့ခေါ်သံကြောင့် မေပျိုက မော့ကြည့်သည်။မျက်နှာမှာလည်း ချွေးများ မျက်ရည်များနှင့် ရွှဲစိုနေ၏။သူ့ကို မြင်သည်နှင့် တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကြောက်ရွံ့တုန်လှုပ်သွား၏။
                    
"ရှင် ဘာလာလုပ်တာလဲ…ရှင့်ကြောင့် မေမေ အခုလို ဖြစ်တာ။ ရှင် အခုချက်ချင်းထွက်သွား"
               
ဒေါသတကြီး အော်ထုတ်နေသော မေပျိုကို ကြည့်ပြီး သူ တအံ့တသြဖြစ်သွားမိသည်။
                 
"မေပျို မင်းမှားနေပြီ"
                  
"လူမဆန်တဲ့သူ…သွား အခုချက်ချင်း ထွက်သွား"
                 
"ဟား မင်းကပါ ဘယ်လိုဖြစ်နေတာလဲ"
                 
သူ စိတ်ရှုပ်ထွေးစွာ အော်ပြီး မေပျိုကို  ဘေးသို့ ဆွဲတွန်းလိုက်သည်။
                 
"မေမေ… မေမေ သားရောက်နေပြီ တံခါးဖွင့်ပါဦး"
                  
အထဲက ဘာအသံမှ မကြား။သူ တံခါးကို ခပ်ကြမ်းကြမ်း ထုလိုက်သည်။
                  
"မေမေ…သားကို စိတ်ပူအောင် မလုပ်ပါနဲ့… မေမေ တံခါးဖွင့်ပါ"
                
"ရှင့်ကို ထွက်သွားလို့ ပြောနေတယ်လေ။ရှင့်အသံကြားရင် မေမေက ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ဘူး။သွား ရှင့်မျက်နှာကို ဘယ်တော့မှ မမြင်ချင်ဘူး။ထွက်သွား"
                   
မေပျိုက သူ့ခန္ဓာကိုယ်ကို  သူ့အားနှင့် မနိုင်တနိုင်  ဆွဲတွန်းပြီး ဒေါသတကြီး ပြောသည်။
                 
သူ မေပျိုကို ဂရုမစိုက်ဘဲ တံခါးကို ပခုံးနှင့် အားပြင်းပြင်းနှင့် တိုက်ဖွင့်လိုက်သည်။ထိုအချိန်တွင် ဒေါသတကြီး ဖြစ်နေသည့် မေပျိုသည် လက်ထဲက တူနှင့် သူကျောကို အားရပါးရ ထုချလိုက်တော့သည်။
                 
"အား"
                 
မျက်လုံးများ ပျာခနဲ ဖြစ်သွားပြီး လူပင်ယိုင်နဲ့နဲ့ ဖြစ်သွားမိသည်။ မေပျိုသည် တူကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး သူ့ကို နာနာကြဉ်းကြဉ်း စိုက်ကြည့်နေသည်။     
                 
"နောက်တစ်ခါဆို ရှင့်ခေါင်းကို ထုမယ် ဦးညီညီ... ရှင့်ကို သတ်ပစ်မယ်"
                 
"မင်း ဘယ်လို ဖြစ်နေတာလဲ…ငါ့ကိုကြည့်။သေချာကြည့်။ငါက ဘယ်နေရာက ညီညီနဲ့ တူနေလို့လဲ"
                 
ဘုန်းသစ်မင်း ဒေါသတကြီး ထအော်ပြီး မေပျို လက်ထဲက တူကို ဆွဲလုဖို့ ကြိုးစားတော့သည်။ယောကျာ်းအားနှင့် မိန်းမအားဖြစ်နေ၍ တူသည် သူ့လက်ထဲ လွယ်လွယ်ကူကူပါလာတော့သည်။
              
"ရှင်က လူမဟုတ်ဘူး …ရှင်က မိစ္ဆာ.ရှင်က ဘီလူး"
               
မနိုင်တော့သည့်အခါ နာနာကြဉ်းကြဉ်း အော်ဟစ်ရန်တွေ့တော့သည်။
                 
"ဟုတ်တယ် … ငါ က လူမဟုတ်ဘူး…
မင်း ငြိမ်ငြိမ်မနေရင် မင်းကို ငါထုသတ်ပစ်မှာ"
                  
ဘုန်းသစ်မင်း တူကိုရွယ်ပြီး သူ့ကို ခြိမ်းခြောက်လိုက်သည်။သို့သော် မေပျိုသည် မကြောက်ရွံ့သည့် အပြင် တံခါးရှေ့မှာ ဆီးကာ ပိတ်ရပ်ပြီး
                  
"ကျွန်မကလည်း ကျွန်မ အမေကို  ရှင့်လက်ထဲမှာ ဘယ်တော့မှ အသေမခံဘူး။ရှင်သတ်ချင်ရင် ကျွန်မကို အရင်သတ်"
                  
"သွားစမ်းကွာ"
                  
ဘုန်းသစ်မင်း စိတ်ရှုပ်ထွေးစွာ မေပျိုကို ဆွဲတွန်းလိုက်သည်။ပြီးနောက်တံခါးလက်ကိုင်ဘုကို တူဖြင့် အားရှိပါးရှိ
ထုရိုက်လိုက်သည်။တစ်ချက်နှစ်ချက်ပင် မထုရသေးခင် မေပျိုက ကုန်းထလာပြီး
                   
"ဦးညီညီ. ရှင့်ကို ရပ်လို့ ပြောနေတယ်လေ"
                    
ထုရိုက်နေသော မေပျိုကို ဘုန်းသစ်မင်းဖမ်းချုပ်လိုက်သည်။မေပျိုမျက်နှာကို  သူ့ရင်ဘတ်နှင့်အပ်ပြီး ခေါင်းကို လှုပ်မရအောင် ဘယ်ဘက် လက်တစ်ဖက်နှင့် ဖိထားလိုက်သည်။ပြီးနောက် ညာလက်တစ်ဖက်က တံခါးကို အားရှိပါးရှိ ထုတရိုက်လိုက်သည်။
                  
မြွေသည် သူ့အစွယ်ကို ဘယ်တော့မှ အလကားမထား။ထို့နည်းတူပင် မေပျိုသည် ရုန်းကန်ရင်း ဘယ်လိုမှ လှုပ်မတရသည့်အခါ သူ့လက်မောင်းသားကို လုံးဝမလွှတ်ပေးဘဲ နာကျင်ခဲကာ ပြတ်လုမတတ် ကိုက်ထား၏။
               
"အား"
                
လက်မောင်းဆီမှ နာကျင်နေသော်လည်း ဆွဲမတွန်း ဆွဲမဖယ်ဘဲ တံခါးလက်ကိုင်ဘုကို တူနှင့် အားရှိပါးရှိ ထုချလိုက်သည့်အခါ တံခါးသည် ပွင့်ထွက်သွား၏။
                
ထိုအခါမှ မေပျိုသည်လည်း သူ့ကို ကိုက်ထားသည်ကို လွှတ်ပေးပြီး အခန်းထဲ ပြေးဝင်သွား၏။
               
"မေမေ"
                
သူ အခန်းထဲ မဝင်နိုင်သေး။တူကို လွှတ်ချကာ လက်မောင်းက နာကျင်နေသည့် နေရာကို လက်နှင့်ဖိကြည့်တော့ သွေးများ ထွက်နေ၏။ကျောသည်လည်း တူဒဏ်ရာကြောင့် အောင့်ပြီး နာနေ၏။
              
"မေမေ…မေမေ့ကို ကယ်ပါဦး"
                
မေပျို အော်သံစူးစူးကြောင့် ဘုန်းသစ်မင်း အခန်းထဲ ပြေးဝင်လာခဲ့သည်။
               
"မေမေ…မေမေ့ကို ခေါ်ပါဦး"
                
ရေပန်းအောက်တွင် မေမေ့ကို ပွေ့ဖက်ပြီး ငိုနေသော မေပျိုကို တွေ့လိုက်ရသည်။
ဘုန်းသစ်မင်း ရေချိုးခန်းထဲ ပြေးဝင်ပြီး ရေပန်းကို ကမန်းကတန်း ပိတ်ပစ်လိုက်သည်။ မေမေ့ကို ကြည့်လိုက်တော့ မေမေ့တစ်ကိုယ်လုံး ဖြူဖပ်ဖြူလျော် ဖြစ်ကာ မေ့မြောနေ၏။
                
"မေမေ…မေမေ သတိထားပါဦး"
                 
"ဟီး…မေမေ့ကို ခေါ်မရတော့ဘူး…မေမေ
မေမေ"
                  
"ဆေးရုံပို့မှ ဖြစ်မယ်…မင်း ဖယ်"
                
ဘုန်းသစ်မင်း မေပျိုကို ဆွဲဖယ်ပြီး မေမေ့ကို ပွေ့ချီလိုက်သည်။ ပျော့ခွေ အေးစက်နေသော မေမေ့ခန္ဓာကိုယ်သည် သူ့လက်ပေါ်တွင် ဖက်ရွက်လေးပမာ ပါလာ၏။သူ ကုတင်ပေါ်မှ စောင်အထူကို ဆွဲယူခြုံကာ မေမေ့ကိုယ်ပေါ် လွှမ်းပေးလိုက်သည်။
                 
"မေမေ…"
                  
မေပျိုသည် သူ့နောက်မှ ငိုပြီး ပြေးလိုက်လာသည်။သူ မေမေ့ကို ပွေ့ချီပြီး ကားဆီသို့ ပြေးလာခဲ့သည်။
                 
"ဒေါ်လေး မြန်မြန်လာ…ဆေးရုံသွားမှ ရမယ်"
                  
"ဟယ် ဘယ်လိုလုပ်ကြမလဲ ဒုက္ခပါပဲ"
                  
"ဆေးရုံသွားမယ်…ဒေါ်လေး တက်"
                   
"အေး အေး…မေပျို သမီးတက်လေ။မြန်မြန်"
                
မေပျိုနှင့် ဒေါ်လေးတက်ပြီးသည်နှင့် ကားနောက်ခန်းထဲသို့ မေမေ့ကို တင်လိုက်သည်။ပြီးနောက် ကားကို တရကြမ်း
မောင်းထွက်လာခဲ့သည်။
                 
"ခေါင်းတွေသုတ်ပေးလိုက်။ခြေတွေ လက်တွေ ပွတ်ပေးထား ဒေါ်လေး…မအေးစေနဲ့"
                 
"သူ အသက်ရှူနေတယ် သား…သူ သတိရတော့မယ် ထင်တယ်…ညီမလေး…ညီမလေး"
                  
"မေမေ…မေမေ မေမေ သတိရလား…သတိရပြီမဟုတ်လားဟင်…မေပျိုလေ မေမေ…မေမေ မျက်လုံးဖွင့်ပါဦး"
                  
မေပျိုက တရစပ် လက်ကိုကိုင်ကာ ပြောတော့ မေမေ့မျက်လုံးတွေ လေးပင်စွာ ဖွင့်လာ၏။
                   
"ဟယ် မျက်လုံးဖွင့်လာပြီ ဝမ်းသာလိုက်တာ"
                   
"မေမေ…မေမေ မေမေ သတိရလာပြီနော်"
                    
"သမီး"
                    
မေမေ့ဆီမှ ငိုသံအက်အက်ကိုကြားရသည့်နောက် သူ ကားမောင်းရင်း မျက်ရည်တွေ စီးကျနေနေမိသည်။အခုမှပဲ သူ့ရင်ထဲက အပူလုံး အနည်းငယ် ကျသွားတောသည်။မဟုတ်ရင်ဒီနေ့သည် သူ့ကမ္ဘာပျက်သည့်ရက် ဖြစ်မှာ မလွဲပင်။
                 
"ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ ညီမလေးရယ်
မသေကောင်း မပျောက်ကောင်း။ကလေးတွေ သနားပါတယ်"
                 
မေမေသည် မေပျို ကိုဖက်ထားပြီး ငိုနေ၏။
                 
"သားရော"
                  
"သား ကားမောင်းနေတာလေ မေမေ ။သားရှိတယ်နော်…မေမေ ဘာမှ စိတ်မပူနဲ့"
                   
သူ ကားမောင်းရင်း နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။မေမေက ခေါင်းထောင်ကြည့်ပြီး ယဲ့ယဲ့လေး ပြုံးပြ၏။
                 
"သားနဲ့ သမီးသာ မရှိရင် မေမေ သေမှာ…
သူ့အဖေကလည်း မိုးရေထဲကနေ ပြန်မလာတော့ဘူး"
                   
"သြော် အဲ့ဒါတွေ တွေးပြီး မငိုပါနဲ့ ညီမလေးရယ်။သားနဲ့ သမီးက ဘယ်မှ မသွားဘူးနော်။နင်သာ နေကောင်းအောင် နေ။မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့အေ။တောင်းပန်ပါတယ်"
                 
မေမေသည် မေပျို ဆံပင်ကို ပွတ်ပေးပြီး မျက်ရည် ကျနေ၏။ပြီးနောက် မျက်လုံးလေးမှိတ်ကာ ငြိမ်နေသည်။
                   
"အိမ်ပဲ ပြန်မလား သား"
                    
"ဟင့်အင်း စိတ်ချရအောင် ဆေးရုံပဲ သွားမယ်။ဆရာကို ဆေးရုံလာနေပြီလို့ ဖုန်းဆက်ထားလိုက် ဒေါ်လေး"
                   
"အေး အေး"
                    
သူ ကားနောက်မှန်ထဲမှ မေမေနှင့် မေပျိုကို လှမ်းကြည့်လိုက်သည်။နှစ်ယောက်သား ချစ်ချစ်ခင်ခင် ဖက်ကာ အိပ်နေသည်ကို ကြည့်ပြီး စိတ်ချစွာ ပြုံးလိုက်မိသည်။
                
လက်မောင်းသည်လည်း တဆစ်ဆစ် နာကျင်နေသည်။နာကျင်သည့်ဒဏ်ကြောင့် မသိမသာ မျက်နှာလေးရှုံ့မဲ့မိသည်။
လူအဆိပ်သည် ပြင်းသည်တဲ့။ဟုတ်မှာပါ…။
တစ်ခါတလေ မွှေလိုက်ရင်လည်း ကမ္ဘာပျက်သလိုပဲ မဟုတ်လား။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now