သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"
အပိုင်း( ၃၁)
ဇာတ်သိမ်းပိုင်း
..………………………………
"ကိုယ်ငယ်ငယ်က အမှောင်ထဲကို စိုက်ကြည့်ရင် သေသွားတဲ့ သူတွေ ပြန်တွေ့ရမယ်လို့ ထင်ခဲ့ဖူးတယ်"
နားထဲ စကားသံတစ်ချို့ ပြန်ကြားယောင်မိသည်။ မီးများစွဲနေသည့် သစ်သားတိုင်တစ်လုံး မေပျို ခေါင်းပေါ် ပြုတ်ကျပြီးသည့်နောက်မှာ မေပျို ထိုစကားသံတွေ ပြန်ကြားလာရသည်။
ချွဲပစ်ပစ်အရည်များ မေပျိုခေါင်းထဲက ထွက်ကျနေသည် ဟု ထင်သည်။ မေပျို ခေါင်းတစ်ခုလုံး မူးနောက်လာသည်။ မီးတောက်များ တကျစ်ကျစ်တောက်လောက်သံကို မေပျို ကြားနေရသည်။ မေပျို သိလိုက်သည်။ မေပျို ချက်ချင်း ဝဋ်လည်နေပြီပဲ။
မေပျို ကျေနပ်ပါတယ်။ ကျန်ရှိနေတဲ့ ဝဋ်ကြွေးတွေကို ဒီဘဝမှာပဲ တစ်ခါတည်း ကျေအောင် ဆပ်လိုက်ချင်တယ်။ ဘာရန်ငြိုးရန်စမှ မရှိဘဲ အေးအေးဆေးဆေး ထွက်သွားချင်တယ်။အားလုံးကို မေပျိုကျေနပ်တယ်။ အားလုံးကလည်း မေပျို့ကို ကျေနပ်ပါတော့ လို့ မေပျို မေတ္တာရပ်ခံချင်တယ်။
နောက်ဘဝကျရင်တော့ ဦးညီညီနဲ့ မေပျို မတွေ့ချင်တော့ဘူး။ မေပျို အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဒါပြီးရင်တော့ မေပျို မေမေ့ကို လိုက်ရှာမယ်။ ပြီးတော့.. နယုန်နဲ့လည်း တွေ့မယ်။
"မင်းနဲ့နယုန်က နောက်ဘဝ ဆုံမယ် ထင်လို့လား။ ကလေးအတွေးတွေကွာ။ အဲ့ဒါတွေ ထုတ်ပစ်လိုက်စမ်းပါ"
အဲ့ဒီတုန်းက ဟားတိုက်ရယ်မောခဲ့တဲ့ ဦးလေးကြီးကို မေပျို သိပ်မုန်းခဲ့တာ။ ဦးလေးကြီးက စိတ်ကူးမယဉ်တတ်ရုံမက သူတပါးရဲ့ စိတ်ကူးတွေကိုပါ လိုက်ဖျက်ဆီးတတ်တဲ့သူ။ ဘာကိုမဆို လက်တွေ့ကျကျ တွေးပြတတ်တဲ့သူ။
ဟုတ်ပါတယ်။နယုန်နဲ့ မေပျို ဆုံမဆုံ မသေချာပေမယ့် အခု မေပျို မျက်လုံးမှိတ်လိုက်ရင်တော့ ထူထဲမှောင်မိုက်တဲ့ အမှောင်ထဲကို ရောက်သွားမှာ သေချာပါတယ်။ အဲ့ဒီအခါကျရင်ရော အမှောင်ထဲက မေပျိုကို ဦးလေးကြီး ရှာနေမလား။
တကယ်တော့.. မေပျို ညာခဲ့တာပါ။ လိုက်မရှာပါနဲ့တော့ ပြောနေပေမယ့် ဦးလေးကြီးကို တစ်ကြိမ်လောက် ဖြစ်ဖြစ် ပြန်တွေ့ချင်မိတာပါ။ မေပျိုကို တန်ဖိုးထား မြတ်နိုးခဲ့လို့ ကျေးဇူးတင်ကြောင်း တစ်ခါလောက် ပြောချင်ခဲ့တာပါ။
အကြိမ်ကြိမ်သေဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါမှာတော့ မသေချင်သေးဘူးဆိုတာ ဝန်ခံချင်ခဲ့တာပါ။
အသုံးမကျဘူးလို့ ပြောလာမယ့် ဦးလေးကြီးရဲ့ အပြစ်တင်သံကို ကျေကျေနပ်နပ် လက်ခံချင်ခဲ့တာပါ။
ဦးလေးကြီး ပြောဖူးတယ်။
"ကိုယ်တို့ လုပ်ပေးနိုင်တဲ့ သေသူတွေ မပြီးမြောက်သေးတဲ့ အလုပ်တွေ ဆန္ဒတွေ" တဲ့
ဟုတ်တာပဲ။

YOU ARE READING
သူမချစ်သော မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )
Romantizmမိုးဖြစ်စေတဲ့ တိမ်တချို့ကို ကျွန်တော်အားကျပါတယ် ကျွန်တော်ကတော့ ပြယ်လွင့်ရမယ့် တိမ်တစ်စပါပဲ ( သူမဆိုတဲ့ စကားလုံးဟာ မြန်မာအဘိဓာန်မှာ မရှိတာသိရက် စာရေးသူကခေါင်းမာမာနဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးပါ ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ 2020 ခုနှစ်ပါ )