Part 9

244 6 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၉)
..………………………………
               
မိုးသားတိမ်လိပ်တို့ တလိပ်လိပ်တက်ပြီး မိုးလေများ ဝေ့ဝဲ့တိုက်ခတ်လာသည့်အခါ ပါတီထဲမှ လူတစ်ချို့ နှုတ်ဆက်ပြီး ထပြန်သွားကြသည်။မေပျို ကောင်းကင်ကိုမော့ကြည့်ပြီး ငိုမဲ့မဲ့ ဖြစ်နေမိသည်။

မိုးရွာလျှင် အိမ်ထဲ ဝင်ရတော့မှာ။အိမ်ထဲဝင်လျှင်…ဆိုသည့် အတွေးရှည်ကို မေပျို ဆက်မတွေးရဲတော့။နယုန်ကတော့ သိမ်းစရာ ရှိသည်များ သိမ်းဆည်းနေသည်။နယုန်၏ ကျောကို ကြည့်ပြီး မေပျို ဝေခွဲရခက်နေမိသည်။

သူ တစ်ခုခုတော့ လုပ်မှာပါ။သို့သော် ဘာဆက်လုပ်မှန်း မေပျို မသိ။သူသည် ရောက်ကတည်းက စားပွဲထိုး အလုပ်ကိုပဲ သေသေချာချာလုပ်နေသည်။မေပျိုကိုလည်း တစ်ချက် တစ်ချက် ကြည့်ရုံကလွဲ မသိချင်ယောင်ပဲ ဆောင်နေ၏။
               
ခြံထဲတွင် အလုပ်သမားများမှလွဲ၍ တခြား လူမရှိတော့။ဂျော်နီဆိုသည့်သူလည်း ယိုင်တိယိုင်တိုင်နှင့် ရေချိန်ကိုက်၍နေသည်။
              
"ကျွန်တော် တွဲပို့ပေးပါ့မယ်"
              
နယုန်က ဂျော်နီခန္ဓာကိုယ်ကို ထိန်းပြီး ပြော၏။ဂျော်နီက နယုန်ကို မလိုဘူးဆိုသည့်ပုံနှင့် ရင်ဘတ်ကို ဆောင့်တွန်းလိုက်သည်။ပြီးနောက် မေပျို ဆီသို့ ဒယီးဒယိုင် လျှောက်လာသည်။
               
"ဘေဘီလေး ပျော်လား"
               
မျက်ပေါက်ကျဉ်းကျဉ်းလေးနှင့် ရီဝေဝေ စိုက်ကြည့်ပြီးခေါ်သည်။သူ့လက်တွေက
မေပျိုပခုံးပေါ် တင်ဖို့လုပ်သည့်အခါ
မေပျို ကြောက်လန့်တကြားပဲ ရှောင်လိုက်သည်။သူက ဟက်ခနဲ့ ထရယ်ပြီး
               
"ကိုယ့်ကို ကြောက်လို့လား…"
                
မေပျို ခပ်ခွာခွာကပဲ သူ့ကို သတိထားကြည့်နေမိသည်။သူကတော့ မေပျိုကိုကြည့်ပြီး သဘောကျစွာ အော်ရယ်နေ၏။
             
"ကိုယ်က မင်းကြောက်မှာစိုးလို့ ပါတီတောင် လုပ်ပေးတဲ့ဟာကိုကွာ… မပျော်ဘူးလား…တကယ်ဆို ပျော်ရမယ့်ဟာကို"
              
သူက မေပျိုဆီ ဖြေးဖြေးချင်းလျှောက်လာ၏။
               
"ကိုယ့်ဘေဘီလေးက ဘယ်လိုကြည့်ကြည့် လှလိုက်တာ… ပိုက်ဆံကုန်ရကျိုးနပ်အောင်ကို လှတယ်"
               
ထိုသို့ ပြောပြီး တဖြည်းဖြည်း အနားသို့ တိုးလာ၏။မေပျို နောက်သို့တဖြည်းဖြည်းဆုတ်နေမိသည်။သူက မျက်မှောက်ကျဉ်းကျဉ်းလေး ပိတ်အောင် ရယ်နေပြန်သည်။
               
"ဘာလို့ရှောင်နေတာလဲ… ရှောင်လည်း မလွတ်နိုင်ဘူးဆိုတာ မသိဘူးလား…"
                
သူက ဒီဆို မေပျိုက ဟို ပြေးနေသည့်အခါ
သူကစိတ်မရှည်သည့်ပုံနှင့် မေပျိုကို ခါးထောက်ရပ်ကြည့်နေသည်။
                 
"ကိုယ်ခေါင်းမူးနေတယ်… အပိုအလုပ်တွေ မလုပ်ကြရင် ကောင်းမယ်"
              
ပြောရင်း ဟန်ချက်ညီညီ မရပ်နိုင်တော့၍ ယိုင်နဲ့နဲ့နှင့် ထိုင်ခုံပေါ် ပစ်ထိုင်ချလိုက်သည်။
               
"ခေါင်းက ဘာလို့အဲ့လောက်မူးရတာလဲ"
                
စားပွဲပေါ် ခေါင်းမှောက်ပြီး သူပြောသည်။
                
"ဆရာ…မိုးရွာတော့မယ်…အထဲဝင်ပါလား"
               
သူ့တပည့်တစ်ယောက်က သူ့ကို တွဲခေါ်ဖို့ပြောသည်။သူက လက်ကာပြပြီး
               
"No…မင်းမတွဲနဲ့…သူ့ကို လာတွဲခိုင်း"
                
မေပျို ခေါင်းခါလိုက်သည်။သူ့တပည့်က
မေပျိုကို ခက်ထန်သော မျက်လုံးနှင့် စိုက်
ကြည့်ပြီး
                
"ဟေ့ လာတွဲ"
                 
အသံက မာကျောခက်ထန်၏။မေပျို ခေါင်းခါပြီး နယုန်ကို လှမ်းကြည့်လိုက်သည်။နယုန်က မျက်နှာမကောင်းသော်လည်း ခေါင်းကို အသာလေး ညိတ်ပြသည်။
                
မေပျို နားမလည်စွာ နယုန်ကို ကြည့်နေမိသည်။ငါ သူ့ကို သွားတွဲရမလား။
တွဲပြီး ဒီအိမ်ကြီးထဲကို ဝင်ရမှာလား
ဟင်…အဲ့လို လုပ်ရမှာလား နယုန်။
ဒီအိမ်ကြီးထဲ ဝင်ပြီးသွားရင် ပြန်ထွက်ဖို့က
မသေချာတော့ဘူး။ငါ…ဘာလုပ်ရမှာလဲ။
                
မေပျို သူ့ကို စိတ်ထဲက စကားတွေ ပြောနေတုန်းမှာပဲ သူ့တပည့်တစ်ယောက်က မေပျိုလက်ကို အတင်းဆောင့်ဆွဲပြီး
သူ့ဆရာအနားသို့ ဆွဲခေါ်လာသည်။
                 
"တွဲစမ်း"
                   
မေပျို ပေကတ်ကတ်လုပ်သည့်အခါ သူက ခေါင်းထောင်ကြည့်ပြီး ပြုံးနေ၏။
                 
"ကလေးကို မအော်ပါနဲ့ကွ…သူ ဒါတွေ ဘယ်သိဦးမလဲ…သူ့အတွက်တော့ အားလုံးက အစိမ်းသက်သက် ဖြစ်နေဦးမှာပဲ…ဟင်း ဟင်း…ဟုတ်တယ် မဟုတ်လား…ဒါကြောင့် သူလေး ကြောက်နေတာ"
              
ဂျော်နီက မေပျို မျက်နှာအနားသို့ကပ်ပြီး စပ်ဖြဲဖြဲ ပြော၏။မေပျို မျက်နှာကို တွန့်မဲ့ပြီး နောက်သို့ဆုတ်ထားမိသည်။
            
"ဟေ့ကောင်…မင်း ဘယ်အချိန်ထိ ရပ်ကြည့်နေမှာလဲ"
             
ဘေးတွင် ရပ်ကြည့်နေသော သူ့တပည့်ကို အော်ငေါက်လိုက်သည့်အခါ သူ့တပည့်က ပျာပျာသလဲ ခေါင်းငုံ့နှုတ်ဆက်ပြီး ထွက်သွား၏။
                
"ဟင်း ဟင်း…"
                 
မျက်လုံးတွေမပွင့်အောင် ရယ်ပြန်သည်။
                
"အိမ်ထဲ ဝင်ကြမယ်…လာ"
                 
မေပျို ပခုံးတစ်ခုလုံး ကျိုးမတတ် သူ့လက်မောင်းတွေ ပစ်တင်ပြီး ဒယီးဒယိုင်လျှောက်၏။
                
"အရက်တွေလည်း မကောင်းတော့ဘူး နည်းနည်းသောက်တာတောင် များများမူးတယ် "
                   
မေပျိုထက် ခန္ဓာကိုယ်ရော အရပ်ပါ နှစ်ဆလောက် ထွားကျိုင်းသောသူ့ကို မေပျို ဘယ်လိုမှ မနိုင်တော့သည့်အခါ
နှစ်ယောက်သား ဘုန်းဆို လုံးထွေးလဲကျသွားသည်။
                    
"ဟား "
                    
မေပျို သူ့ခန္ဓာကိုယ်ကြီးကို ဆွဲတွန်းပြီး ကုန်းထလိုက်သည်။နောက်သို့ လှည့်ကြည့်တော့ နယုန်က အနားရောက်နေ၏။နယုန်က သူ့ကို မကြည့်ဘဲ ဂျော်နီကိုပဲ စိုက်ကြည့်နေ၏။
ဂျော်နီက ခြေကားယား လက်ကားယားနှင့် လဲနေပြီး ပြန်မထနိုင်တော့ပေ။
                
"ဟေ့ ဆရာ ဘာဖြစ်တာလဲ"
                
သူ့တပည့်တစ်ဦးက အနားသို့ ပြေးလာပြီး စောင်ပေပေစိုက်ကြည့်ပြီး မေး၏။
                
"မူးပြီး လဲသွားတာပါ… ကျွန်တော်လိုက်တွဲပို့ပေးပါ့မယ်"
                 
"မင်းက ဘယ်သူလဲ…ဘာလို့ မပြန်သေးတာလဲ"
                  
"ကျွန်တော်က ငှားထားတဲ့ စားပွဲထိုးပါ…သိမ်းစရာလေးတွေ ကျန်သေးလို့ပါ"
                 
"သွားတော့…မင်းလုပ်စရာ ရှိတာ သွားလုပ်"
                  
"ဟုတ်"
                 
သူ့တပည့်က ခပ်တည်တည်ပြောပြီး သူ့ဆရာ့ကိုယ်ကို ဆွဲထူလိုက်သည်။ခေါင်းမထူနိုင်အောင် မူးနေသော သူ့ဆရာကို သူလည်း မနိုင်။
                 
"ဟေ့ကောင်… မင်း အဲ့ဒါတွေ မလုပ်နဲ့ဦး…ဒီမှာ လာတွဲပေး"
                 
ဘယ်လိုမှ မနိုင်တော့သည့်အဆုံး နယုန်ကို လှမ်းခေါ်ပြီး အတူတွဲ၏။မေပျို အိမ်ထဲသို့လိုက်မဝင်ဘဲ ပေကတ်ပြီး ရပ်ကြည့်နေမိသည်။ဒီအချိန်မှာ လွတ်အောင် ပြေးရမည်။သို့သော် သူ့တပည့်တွေက ခြံရှေ့မှာ ရှိနေဦးမှာလည်း စိုးရသေးသည်။
                   
"ဟေ့"
                    
မေပျို တွေးနေတုန်းမှာပဲ သူ့တပည့်က မေပျိုကို လှမ်းအော်၏။ 
                 
"ဘာရပ်လုပ်နေတာလဲ… လာလေ"
                 
မေပျို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူတို့နောက် လိုက်လာခဲ့သည်။အိပ်ခန်းအကျယ်ကြီးဆီသို့ ဂျော်နီကို တွဲ ခေါ်လာကြသည်။မွေရာထူထူကြီးပေါ်တွင် ဂျော်နီကို ပစ်တင်လိုက်ကြသည်။
                 
"တစ်ခါမှ အဲ့လောက် မမူးဖူးပါဘူး…ဒီနေ့မှ ဘာဖြစ်လဲ မသိဘူး"
               
အရုပ်ကြိုးပြတ် မူးနေသော သူ့ဆရာကို ကြည့်ပြီး မောမောပန်းပန်းဆို၏။ပြီးနောက် မေပျိုဘက်သို့ ခက်ခက်ထန်ထန် လှည့်ကြည့်၏။
               
"မင်း ဒီနေ့ သူ့ကို ပြုစုရမယ်…ဘယ်ကိုမှ ထွက်ပြေးဖို့မပြင်နဲ့…ငါတို့ရှေ့မှာ ရှိနေမယ်…နားလည်လား"
              
ခါးထောက်ပြီး လေသံမာမာနှင့် အော်ငေါက်၏။မေပျို ကြောက်လွန်း၍ တစ်ကိုယ်လုံး အသားတဆတ်ဆတ်တုန်နေမိသည်။
          
"အရင်ဆုံး သူ့ကို အမူးပြေအောင် အရင်လုပ်ပေးရမယ်…နေဦး…"
         
သူ့တပည့်က အခန်းထဲမှ ဖုန်းဖြင့် ဖုန်းနံပါတ်တစ်ခုကို အမြန် နှိပ်၏။နှိပ်နေတုန်းမှာပင်
           
"ခွက်"
           
နောက်မှ ရိုက်ချလိုက်သော အသံကြောင့်
ထိုလူ နေရာမှာပင် ခွေခေါက်လဲသွား၏။
ထိုလူခေါင်းမှ သွေးတွေလည်း ကြမ်းပြင်ပေါ်သို့ စီးယိုကျနေ၏။
               
"နယုန်"
                 
မေပျို တုတ်ကိုင်ထားသော နယုန်ကိုကြည့်ပြီး တအံ့တသြ ထအော်လိုက်မိသည်။နယုန်က တုတ်ကို ပစ်ချပြီး မေပျိုပါးစပ်ကို ပိတ်ထား၏။
               
"ငါတို့မှာ အချိန်မရှိဘူး မေပျို…ဒီထဲက အမြန်ထွက်မှ ဖြစ်မယ်"
              
"သွေးတွေနဲ့…သူ သွေးတွေ တအားထွက်နေပြီ နယုန်…သူသေသွားရင် ဘယ်လိုလုပ်မလဲ… နင်ထောင်ကျမှာပေါ့"
               
"ဟာ ကျပါစေ… နင် ဘာမှ မဖြစ်ရင် ပြီးရော…"
                
မေပျို သွေးပျက်တုန်လှုပ်ပြီး ဆွံ့အနေမိသည်။ဘာလုပ်ရမှန်းမသိတော့။ကုတင်ပေါ်မှာ ဂျော်နီက ဆန့်ဆန့်ကြီး။ကုတင်အောက်တွင် သူ့တပည့်က သွေးကွက်ကြီးအလယ်မှာ ကားယားကြီးလဲနေ၏။ထိုမြင်ကွင်းကို ကြည့်ပြီးသွေးပျက်နေတုန်းမှာပဲ အခန်းထဲသို့ အိမ်ဖော်မလေး တစ်ဦး အခန်းထဲ ဝင်လာ၏။
              
ဝင်လာလာချင်းမှာပင် ဖြစ်ပျက်နေသည့်  မြင်ကွင်းကိုမြင်ကွင်းကို မြင်ပြီး အော်မည်အလုပ် နယုန်ကထိုမိန်းကလေး ပါးစပ်ကို အမိအရ ဆွဲပိတ်ထားလိုက်၏။စစချင်း မိန်းကလေးက အတင်းရုန်းကန်၏။အချိန်အတန်ကြာ သူတို့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ခဏကြာတော့ နယုန်ဘာလုပ်လိုက်လဲ မသိ။မိန်းကလေးက ပျော့ခွေပြီး လဲသွား၏။
               
မေပျို ထိုမြင်ကွင်းများကို ကြက်သေသေကာ ရပ်ကြည့်နေမိသည်။ နယုန်က ကြောင်တောင်တောင်ဖြစ်နေသော မေပျို လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်လှုပ်ပြီး
               
"မေပျို နင် ဘာကြောင်ကြည့်နေတာလဲ…
သူ့အင်္ကျီနဲ့ နင့်အင်္ကျီ အခု လဲလိုက်"
                
"သူ သူ…သေသွားပြီလား နယုန်"
                
မေပျို အမေးကို ဖြေဖို့ သူလည်း ကြောက်
လန့်နေပုံရသည်။
                  
"ငါကြောက်လာပြီ နယုန်…နင် …နင်တော့ ဒုက္ခရောက်တော့မယ်…"
                
"ရောက်ပစေ…နင် အဲ့ဒါတွေ မတွေးနဲ့… ငါ့ကိုကြည့် ငါ့မျက်လုံးကို ကြည့် "
                 
မေပျို သူ့မျက်လုံးတွေကို မျက်ရည်အဝိုင်းသားနှင့် ကြည့်လိုက်မိသည်။
                
"ငါ ဘာမှမကြောက်ဘူး နင်လဲ မကြောက်ရဘူး
ဒါက စစ်ပွဲလိုပဲ…ဦးအောင် ပစ်နိုင်တဲ့သူပဲ အသက်ရှင်ရမှာ"
                 
"ဟင်"
                 
"အတွေးမခေါင်စမ်းပါနဲ့…မေပျိုရာ…နင် လွတ်ရမယ်…နင် မလွတ်ရင် ငါလည်း သေမှာ မေပျို…ငါ အရှုံးမပေးဘူး… နင်လည်း အရှုံးမပေးရဘူး… ငါတို့အတူတူ ဒီက လွတ်အောင်ကြိုးစားကြမယ်"
                
မေပျို သူ့မျက်လုံးကို သေချာကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။စိတ်ထဲက ကြောက်စိတ်တွေကို မြန်မြန်ပဲ မောင်းထုတ်လိုက်သည်။
                 
"မြန်မြန်လုပ်…အချိန်မရှိဘူး"
                
မေပျို မြန်မြန်ဆန်ဆန်ပဲ ထိုမိန်းကလေးကိုယ်ပေါ်က အဝတ်အစားတွေကို ဆွဲချွတ်လိုက်သည်။
              
"တောင်းပန်ပါတယ်…တောင်းပန်ပါတယ် အစ်မရယ်…မေပျိုတို့ကို ခွင့်လွတ်ပါ"
               
မေပျို စိတ်ထဲကအကြိမ်ကြိမ်တောင်းပန်ပြီး သူ့အင်္ကျီများကို လဲဝတ်လိုက်သည်။သူ့ကိုတော့ ပြန်မဝတ်ပေးနိုင်တော့ဘဲ အလွယ်တကူ စောင်ပဲ လွှမ်းပေးထားခဲ့သည်။
                
"နင် ခပ်တည်တည်နဲ့ အပြင်ထွက်ခဲ့…ငါ အပြင်မှာ အခြေအနေ ကြည့်ထားလိုက်မယ်"
                
"အင်း"
                
မေပျို ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပြီး လှေကားအတိုင်း ဟန်မပျက် ဆင်းလာခဲ့သည်။ထိုအချိန် ကံကောင်းထောက်မစွာ မိုးသည် သည်းကြီးမဲကြီး ရွာသွန်းလာ၏။မေပျို မိုးရေထဲ ခပ်သုတ်သုတ် ပြေးဆင်းမည်လုပ်တော့ နယုန်က မေပျိုတစ်ကိုယ်လုံး လုံသည့် မိုးကာခြုံလွှာရှည်ကြီးတစ်ထည်ကို မေပျိုကိုယ်ပေါ်သို့ လွှမ်းပေးပြီး ပခုံးကို ဖက်ကာ ခပ်တည်တည် လျှောက်၏။
                 
မိုးများသည် ရှေ့ပင် မမြင်ရလောက်အောင် သည်းသည်းမည်းမည်း  ရွာသွန်းနေ၏။
                 
"နင် ဟိုဘက်ရပ်ပြီး ခဏစောင့်နေ"
                
လုံခြုံရေး ဦးလေးကြီးက ထီးစောင်းပြီး သူတို့ဆီလျှောက်လာ၏။လုံခြုံရေး ကင်းတဲနံဘေးတွင် မိုးခိုရင်း အရက်ထိုင်သောက်နေသောက်နေသော သူတစ်ချို့လည်း ရှိနေ၏။
သူတို့သည် မေပျိုတို့ကို မြင်သော်လည်း အမှုမဲ့ အမှတ်မဲ့ပဲ ကြည့်နေကြ၏။
                 
နယုန်က လုံခြုံရေးဦးလေးနှင့် စကားပြောနေ၏။လုံခြုံရေးဦးလေးက မေပျိုဆီသို့ တစ်ချက်တစ်ချက် လှည့်ကြည့်၏။
နောက်တော့ နယုန် ဘယ်လိုပြောလိုက်လဲမသိ။ကြည်ကြည်ဖြူဖြူပဲ လွှတ်လိုက်၏။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now