Part 20

190 7 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၂၀)
..………………………………
           
အန်တီအခန်းတံခါးရှေ့မှာခြေစုံရပ်ပြီး အခန်းထဲ ဝင်သင့် မဝင်သင့် မေပျို စဉ်းစားနေမိသည်။ထို့နောက် ပင့်သက်မျှင်းမျှင်းချလျက် စေ့ထားသည့် တံခါးကို ဖြည်းဖြည်းချင်းတွန်းကာ ဝင်ခဲ့သည်။အိပ်ရာထက် ငြိမ်သက်စွာ လှဲနေသော အန်တီကို မြင်သည့်အခါ အသာအယာပဲ ပြန်ထွက်မည် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်
           
"သမီး"
            
ခေါ်သံကြောင့် ပြန်လှည့်ကြည့်တော့ အန်တီက ထထိုင်နေ၏။
           
" လာလေ  သမီး"
            
"နိုးသွားတာလား"
           
"ဘယ်ကလာ။ အန်တီက ဆရာဝန်မှတ်လို့ အိပ်ချင်ယောင်ဆောင်နေတာ ဟဲဟဲ " ဟု ရယ်သံနှောကာ ပြန်ပြော၏။

မေပျို ခပ်နွမ်းနွမ်းပြုံးပြကာ ကုတင်ဘေးစွန်းလေးတွင် ဝင်ထိုင်လိုက်သည်။
             
"နေကောင်းရဲ့လား အန်တီ"
           
အရင်ကျန်းမာခဲ့သည့် ရုပ် ဘယ်မှာ ရှာရမှန်း မသိအောင် ပိန်သွားသည့် အန်တီကို ကြည့်ပြီး မေပျို စိတ်မကောင်း ဖြစ်နေမိသည်။
            
"ကောင်းတာပေါ့။အန်တီ ဘာမှ မဖြစ်ဘူး။သမီးသာ ဂရုစိုက်။မနက်ဖြန် မင်္ဂလာဆောင်ရှိတယ် မဟုတ်လား။ စောစောအိပ်လေ။သတို့သမီးက အိပ်ရေးဝမှ လှမှာပေါ့"
             
"အန်တီရယ်…"
              
မေပျို ဆို့တက်လာသည့် ဝမ်းနည်းမှုကို မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျလာမိသည်။
             
"ဟင် ဘာလို့ငိုတာလဲ။သားက ဆူလို့လား။သားက သမီးကို ပြောလိုက်လား။အန်တီကို ပြော…ဘာလို့လဲ။ပြောပါဦး"
             
မေပျို ရှိုက်ကာငိုရင်း ခေါင်းခါမိသည်။အန်တီက သူ့ကိုမေးမရသည့်အခါ ငိုပြီး ဖက်ထား၏။
           
"သမီးလေးကို ဘယ်သူငိုအောင် လုပ်တာလဲ။
မငိုပါနဲ့။သမီးငိုရင် အန်တီလည်း ငိုချင်တယ်"
            
"မငိုပါဘူး။သမီး မငိုတော့ဘူးနော်"
             
မေပျို စိတ်ကိုထိန်းကာ မျက်ရည်တွေ သုတ်ရသည်။
အန်တီပါးပြင်က မျက်ရည်တွေပါ သုတ်ပေးသည့်အခါ အန်တီမျက်နှာက ချက်ချင်းဆိုသလို ပြုံးလာ၏။
           
"သမီးမငိုရင် အန်တီလည်း မငိုဘူး"
            
"ဟုတ် သမီး မငိုတော့ဘူးနော်"
             
နှစ်ယောက်သား တစ်ယောက် တစ်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိကြပြန်သည်။
              
"သားက ကံကောင်းလိုက်တာ။ အရမ်းကိုလှတဲ့ မိန်းကလေးကို ပိုင်ဆိုင်ရတယ်။ အန်တီလေ အခုမှပဲ သားကို စိတ်ချတော့တယ်"
              
မေပျို ခပ်နွမ်းနွမ်းပြုံးပြီး အန်တီလက် ပိန်ပိန်လေးတွေကို သူ့လက်နှစ်ဖက်နှင့် အုပ်မိုး ဆုပ်ကိုင်ထားမိသည်။
             
"အန်တီကို သမီး တစ်ခုလောက် မေးလို့ရလား"
              
" မေးလေ သမီး"
              
"အန်ကယ်ကိုလေ အရမ်းချစ်တာပဲလား"
               
"ဟင်"
               
"အန်ကယ်ကိုလေ"
                
စားပွဲပေါ် ထောင်ထားသည့် နှစ်ယောက်တွဲဓာတ်ပုံလေးကို လှမ်းယူကာ မေးတော့ အန်တီက သူ့လက်ထဲက ဓာတ်ပုံမှန်ဘောင်လေးကို ယူပြီး လက်လေးနှင့် ဖွဖွလေးပွတ်ပြီးပြန်ဖြေ၏။
             
"ချစ်တာပေါ့…ဘဝမှာ ယောကျာ်းဆိုလို့ သူတစ်ယောက်တည်း မြင်တော့တဲ့ အထိ ချစ်တာ"
           
အန်တီမျက်နှာသည် ပြုံးပြီး ဝင်းလက်နေသည်။မျက်ဝန်းများသည် အကြင်နာရိပ်များ ပြည့်နှက်နေ၏။ဓာတ်ပုံထဲမှ သူ့ယောကျာ်းမျက်နှာလေးကို ပြုံးပြုံးလေး ကြည့်လျက် ကြင်နာမဆုံးဖြစ်နေ၏။
             
"ဘာဆိုဘာမှ အပြစ်ဆိုစရာ မရှိတဲ့ ယောကျာ်းလေ။
အရမ်းကြင်နာတတ်တာ"
            
"သြော်"
            
"သူလို ယောကျာ်းမျိုး ဒီကမ္ဘာမှာ ထပ်မရှိနိုင်တော့ဘူး။ အဲ့ဒီလောက်ကို ယုံကြည်မှုပေးနိုင်တဲ့ ယောကျာ်းပေါ့"
           
"ဒါဆို အန်တီအပေါ် အရမ်းကောင်းခဲ့လို့ အခုထိ ချစ်နေတာလား"
            
"ဟင့်အင်း။ သူ ကောင်းလို့  ချစ်တာထက် သူ ကောင်းကောင်း မကောင်းကောင်း အန်တီ ချစ်မှာ။ သူမို့လို့ ချစ်တာ။ အဟင်း ကလေးရှေ့မှာ ကလေးကလား ပြောသလို ဖြစ်နေပြီ"
            
ရှက်ပြုံးပြုံးနေသည့် အန်တီကို ကြည့်ပြီး
မေပျို ခေါင်းခါပြလိုက်သည်။
            
"အန်တီ"
            
"ဟင်"
             
"သမီးမှာလည်းလေ အဲ့ဒီလိုပဲ ချစ်ရတဲ့ ယောကျာ်းတစ်ယောက်ရှိတယ်
             
"ဟင်"
             
"တကယ်တော့ သမီးမှာ အိမ်ထောင်ရှိခဲ့ဖူးတယ် အန်တီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က"
              
"မဟုတ်တာ"
              
ခါးခါးသီးသီး ထအော်သည့် အန်တီကို မေပျို နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။
              
"အမှန်ပါ အန်တီ။  ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်တာ ဆိုပေမယ့် သမီးကို နောင်တမရစေတဲ့ ယောကျာ်းပါ "
            
"သူက အခု ဘယ်မှာလဲ"
             
"သူက အန်ကယ်လိုပဲ အဝေးတစ်နေရာကို ရောက်နေတာလည်း ဖြစ်နိုင်တယ်။ သမီး အလာကို စောင့်နေတာလည်း ဖြစ်နိုင်တယ်။ သမီး မမြင်ရပေမယ့် သမီး အနားမှာ ရှိနေတာလည်းဖြစ်နိုင်တယ်"
             
"ဟင်"
              
တအံ့တသြ လိုက်ကြည့်နေသည့် မျက်လုံးများသည် မျက်ရည်များ ပြည့်လျှံလာသည်။မေပျို စိတ်ကိုတင်းလျက် ပြောစရာ ရှိသည်များကို ဆက်တိုက် အားယူပြောလိုက်သည်။
             
"သမီး သူ့ကို သစ္စာမဖောက်ချင်ဘူး အန်တီ။ သမီး သူ့ကိုပဲ ချစ်တယ်။ ဒါကြောင့် သူ မဟုတ်တဲ့ တခြား ယောကျာ်းတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ သမီးအတွက် မဖြစ်နိုင်လို့ပါ။ သမီးကို နားလည်ပေးပါနော်"
              
"ဒါဆို သားကို လက်မထပ်ဘူးပေါ့နော်"
              
မေပျို ခေါင်းကို ဖြေးဖြေးချင်း ညိတ်သည့်အခါ အန်တီမျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူစွပ်သွား၏။။ပြီးနောက် အသနားခံသည့်ပုံနှင့် မေပျိုလက်ကလေးတွေကို တုန်တုန်ရီရီ ဆုပ်ကိုင်လာ၏။
              
"သားကို ဘယ်လိုလုပ်ရပါ့မလဲ။ သားက
သားက သမီးကို သိပ်ချစ်တာ"
              
"အန်တီထင်လို့ပါ။သမီးတို့က တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာ မဟုတ်ပါဘူး"
               
"ဟင့်အင်း။အန်တီသိတယ်။
သေချာကို သိတယ်။
သားကလေ အန်တီက လွဲရင် ဘယ်မိန်းကလေးကိုမှ ကြင်ကြင်နာနာ မဆက်ဆံဖူးတာပါ။သမီးကိုပဲ သူ ကြင်နာတာ။ သူ ချစ်နေတာပါ"
              
"မဟုတ်ပါဘူး အန်တီ။အန်တီ ထင်နေတာပါ။ သမီးတို့ကြားမှာ အချစ်တွေ ဘာတွေ မရှိပါဘူး"
              
"ဟင့်အင်း…အန်တီ သိတယ်။ အဲ့ဒီကလေးက ဘယ်တော့မှ သူ့စိတ်ကို မပြဘူး။ ငယ်ငယ်ကတည်းက ဘာကိုမှ မတောင်းဆိုတတ်တဲ့ ကလေး။ ဒါကြောင့် အန်တီ သူ့ကို စိတ်မချတာ။ သူ့ကို ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာ"
              
"သမီး စိတ်မကောင်းပါဘူး"
               
မေပျို ခေါင်းငုံ့ကာ ပြောတော့  အန်တီက မျက်ရည်တွေ တသွင်သွင်ကျကာ ခေါင်းကိုခါနေ၏။
              
"သားကို ဘယ်လိုလုပ်ပေးရမလဲ။ သနားစရာကောင်းလိုက်တာ"
              
ပြောရင်း အိပ်ယာပေါ် ခွေခွေလေး လှဲအိပ်၏။အားပြတ်မောပန်းနေဟန်ဖြင့် ပုံပုံလေး လှဲကာ ငြိမ်နေ၏။မျက်တောင်များသည် မျက်ရည်များကြောင့် စိုနေပြီး တဆတ်ဆတ် တုန်နေ၏။
            
ကိုယ်လက်တွေလည်း တုန်နေသော်လည်း အံကြိတ် ငြိမ်နေပုံရသည်။
            
"အန်တီ ရရဲ့လား"
             
ပါးစပ်က လှုပ်လှုပ်ရွရွ ပြောနေသော်လည်း ဘာပြောနေမှန်းမသိရ။
             
"အန်တီ"
              
လက်ကာပြရုံကလွဲ ဘာမှ ပြန်မပြောသည့်အခါ သူ ပင့်သက်ရှည်ကိုချလျက် ကြည့်နေမိသည်။
              
"သမီး သွားတော့မယ်နော်"
              
အန်တီကို ကြည့်ပြီး မေပျို ခြေကုန်လက်ပမ်းကျ ဝမ်းနည်းနေမိသည်။
               
"သမီးကို မမုန်းပါနဲ့နော်။သမီးကို နားလည်ပေးပါ။ သမီး ကန်တော့ ပြီး တောင်းပန်ပါတယ်။"
              
မေပျို ထိုင်ကန်တော့သည့်အခါ အန်တီပါးပြင်မှ မျက်ရည်များ စီးကျလာ၏။
ထိုမျက်ရည်များကို လက်ကလေးနှင့် ဖွဖွလေး သုတ်ပေးပြီး နဖူးစပ်လေးကို ဖွဖွလေး နမ်းလိုက်မိသည်။
              
"အန်တီကို အရမ်းချစ်ပါတယ်။အဲ့ဒါကို ယုံပါနော်"
              
တိုးတိုးလေးပြောပြီးနောက် ခြေသံဖွဖွလေးနင်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။
               
အစက အကုန်ပြောပြပြီးလျှင် ပေါ့ပါးသွားမည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ပိုပြီး ဆို့နင့် နာကျင်နေနေမိသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now