Unicode
"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"
"အပိုင်း(၂၈)
..………………………………
"ကောင်မလေးတစ်ယောက်ကို အသည်းအသန်လိုက်နေတယ်ဆို"
ဘော့စ်အမေးကြောင့် တန်ခူး မျက်ခုံးကို ပင့်ကာ ကြည့်လိုက်သည်။ ဘော့စ်က မထိတထိရယ်လျက်
"မထူးဆန်းပါဘူး။ မင်းကောင်တွေ ပြောတာ ပြန်ကြားလို့"
"ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး"
"မပြောပေမယ့် ငါ့မှာ နားတွေ မျက်စိတွေ ရှိတယ်လေကွာ။ ငါ့လူတွေ ဘာလုပ်လဲ ငါ အကုန်ပြန်သိရတာပဲကို။ ဘယ်လိုလဲ။ အခြေအနေကောင်းလား"
သူ ခေါင်းညိတ်ရင်း ငြိမ်မိသည်။
"ဘယ်လိုကောင်မလေးမို့ စိတ်ရှည်ရှည် လိုက်နေတာလဲ။ အချိန်ကုန်မခံနဲ့ ခိုးလာခဲ့ ဆရာ အကုန် စီစဉ်ပေးမယ်"
"ပြောဖို့ စောပါသေးတယ်"
တန်ခူး ပြောပြီး ရယ်လိုက်မိသည်။ သို့သော် ဘော့စ်က မျက်မှောင်ကြုံ့ ကြည့်ကာ..
"အဲ့ဒီကောင်မလေးဆီမှာ အရမ်းထောတဲ့ ဘဲကြီး ရှိပြီးသား မဟုတ်လား"
ထိုစကားကြောင့် တန်ခူး မျက်နှာထား တင်းခနဲ ဖြစ်သွားပြီး ဘော့စ်ကို စူးစူးရဲရဲ ပြန်
ကြည့်လိုက်၏။
"ကျွန်တော့်အကြောင်းတွေ စုံစမ်းနေတာလား"
"မှားလို့လား မင်းကို ကိုယ့်တပည့်သားလို"
"ဘာဖြစ်ချင်တာလဲ"
သူ တည့် မေးလိုက်သည့်အခါ ဘော့စ်က သဘောကျစွာ ထရယ်လိုက်သည်။
"မင်းကို အဲ့ဒီလို အပြောအဆိုတွေကို ကြိုက်တာ။အိုကေ ကိုယ် ပွင့်ပွင့်လင်းလင်း ပြောမယ်။ အဲ့ဒီကောင်မလေးက ကိုယ်တို့အတွက် ငွေထုပ်အကြီးကြီး ဖြစ်လာနိုင်တယ်။ အဲ့ဒါ မင်းသိလား"
"ဘာပြောချင်တာလဲ"
"ကျွတ် မတုံးစမ်းပါနဲ့။ မင်း အဲ့ဒီကောင်မလေးကို သိမ်းသွင်းပြီး ပြန်ပေးဆွဲလိုက်။ ငါတို့ ပါးစပ်ကထွက်တဲ့အတိုင်း ငွေဖြစ်လာမှာ"
တန်ခူး လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မိုက်ကြည့်ကြည့်လိုက်သည်။
"သူဌေးခိုင်းတာ ကျွန်တော် အကုန်လုပ်တယ်။ ဒါပေမယ့် ကျွန်တော့် ပါဆယ်နယ်အထိတော့ လိုက်မနှောင့်ယှက်ပါနဲ့။ ဒီလိုပြောတာ မကြားခဲ့ဖူးပဲ မှတ်လိုက်မယ်"
"ဘာလို့လဲ။ မင်းက မခွဲပေးချင်တာလား။ မင်း ဘယ်လမ်းလှမ်းရင် ဘယ်ကိုရောက်မလဲ ငါသိတယ်နော် တန်ခူး။ ငါ့ကိုတော့ လျှော့မတွက်စေချင်ဘူး"
တန်ခူး ကျောခိုင်းပြီးမှ ပြန်လှည့်ကြည့်လိုက်သည်။
"ခင်ဗျားစိတ်နဲ့ လိုက်မနှိုင်းပါနဲ့။ ကျွန်တော်က အဲ့ဒီလောက် အောက်တန်းမကျဘူး"
"ဟား ဟား မင်းကွာ ဒါလေးပြောတာ မျက်နှာက ဖြစ်သွားလိုက်တာ။ ငါက မင်းစိတ်ကို စမ်းနေတာပါကွ"
ဘော့စ်က ထိုင်ရာက ထလာပြီး သူ့ပခုံးကို လာဖက်၏။ သူ ထိုလက်ကို ခါချပြီး နေရာမှ ထွက်လာခဲ့သည်။ စိတ်သည် သွေးဆူလွယ်နေ၏။ အခန်းသို့ မပြန်သေးဘဲ ဘားကို ပြန်ဆင်းလာပြီး အမူးသောက်ပစ်လိုက်သည်။
"ငေါင်လှချည်လား ။ ဘာဖြစ်နေတာလဲ"
"ဟင့်အင်း"
ဂရေ့စ်က အနားကပ်လာပြီး သူ့ကို ပွတ်သီးပွတ်သပ်လာလုပ်သည့်အခါ သူ ဖယ်ပြီး တိုက်ခန်းဆီသို့ တက်လာခဲ့သည်။
"တန်ခူး"
နောက်က ပြေးလိုက်လာသည့် ဒေါင့်မြင့် ဖိနပ်သံ ကို ကြားလိုက်သည်။
"တန်ခူး"
အခန်းတံခါးဖွင့်သည့်အခါ သူ့ကို မီလာ၏။
"ဘာလို့လိုက်လာတာလဲ။ နင့် အလုပ်ပြီးပြီ မို့လို့လား"
"အလုပ်က အရေးမကြီးပါဘူး"
"ဘာက အရေးကြီးတာလဲ"
"နင်ပေါ့"
အခန်းထဲ ဝင်ဝင်ချင်း အတင်းဖက်ပြီး နမ်းသည့် ဂရေ့စ်ကို သူတွန်းဖယ်လိုက်သည်။
"ငါ စိတ်တိုနေတယ်"
"ဘယ်သူ့ကိုလဲ.. ငါ့ကိုလား.."
"နင့်ကိုလည်း ဖြစ်နိုင်တယ်"
တန်ခူးသည် ဂရေ့စ်ကို နရံမှာခပ်ကြမ်းကြမ်းဆွဲကပ်ပြီး မျက်နှာကို အနီးကပ်ကြည့်လိုက်၏။

YOU ARE READING
သူမချစ်သော မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )
Romanceမိုးဖြစ်စေတဲ့ တိမ်တချို့ကို ကျွန်တော်အားကျပါတယ် ကျွန်တော်ကတော့ ပြယ်လွင့်ရမယ့် တိမ်တစ်စပါပဲ ( သူမဆိုတဲ့ စကားလုံးဟာ မြန်မာအဘိဓာန်မှာ မရှိတာသိရက် စာရေးသူကခေါင်းမာမာနဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးပါ ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ 2020 ခုနှစ်ပါ )