Part 11

246 7 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၁၁)
..………………………………
             
" မေပျို ဧည့်သည်ရောက်နေတယ်"
            
အဆောင်သူတစ်ယောက်၏  စူးခနဲ အော်သံကြောင့် မေပျို အိပ်နေရာမှ ဆတ်ခနဲ လန့်နိုးသွားသည်။မေပျို ကုန်းထလိုက်ရင်း တလှပ်လှပ်တုန်နေသည့် ရင်ကို ဖိထားရသည်။အခုဆို ဘာမှမစားနိုင်ဘဲ အိပ်ရာထဲ လဲနေခဲ့သည်မှာ နှစ်ရက် သုံးရက်ရှိပြီ
ဖြစ်သည်။ယိုင်နဲ့နဲ့နှင့် ထရပ်ပြီး အခန်းအပြင်သို့ ဒယီးဒယိုင် လျှောက်လာခဲ့သည်။ဧည့်ခန်းအရောက် နွေးထွေးကြင်နာစွာ လှမ်းကြည့်နေသော အဒေါ်ကြီးကို မြင်သောအခါ ရင်ထဲဆို့နင့်ပြီး မျက်ရည်တွေ ဝဲတက်သွားသည်။
              
"သမီး…မေပျိုလေး"
               
"ဒေါ်လေးမြ"
              
"သမီးရယ် ပိန်သွားလိုက်တာ နေမကောင်းဘူးလား"
               
မေပျို ခေါင်းအသာအယာ ရမ်းပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ဒေါ်လေးမြက မေပျိုလက်ကို အုပ်မိုးကိုင်ပြီး မျက်နှာကို စေ့စေ့စပ်စပ် လိုက်ကြည့်နေ၏။
             
"အသားတွေ ပူနေတာပဲ…မျက်နှာကလဲ ဖြူဖပ်ဖြူလျော်နဲ့…ဖျားနေတာ ကြာပြီလား"
             
"တစ်ရက် နှစ်ရက်ပဲ ရှိပါသေးတယ်"
             
"တစ်ရက် နှစ်ရက်တောင် ရှိနေပြီကို ကလေးရယ်
ဆေးခန်းလေး ဘာလေး သွားမှပေါ့…ဘာလို့ပေနေရတာလဲ"
              
မေပျို မျက်ရည်အဝဲသားနှင့် ဒေါ်လေးမြကို ကြည့်နေမိသည်။
           
"အခု ဘာစားပြီးပြီလဲ  ဒီမှာ ဒေါ်လေး ဟင်းတွေချက်လာတယ်…အခုတလော အစားကို ဖြစ်သလို စားနေတယ် မဟုတ်လား…ဒီကလေးနဲ့တော့ ခက်တယ်…နေမကောင်းတာ ဒေါ်လေးဆီ ဖုန်းဆက်မှပေါ့…ပေတေပြီး တစ်ယောက်တည်း နေနေတယ် ဆွေမရှိ မျိုးမရှိတဲ့အတိုင်း"
           
"သမီး အဆင်ပြေပါတယ် ဒေါ်လေးရဲ့"
            
"ဘာအဆင်ပြေတာလဲ မျက်နှာက ဇီးရွက်လောက်ပဲရှိတော့တဲ့ဟာကို…တကယ် ခေါင်းမာတယ် …သူ့မအေအတိုင်းပဲ"
            
မေပျို ခပ်နွမ်းနွမ်းပြုံးမိတော့ ဒေါ်လေးက စိတ်မကောင်းဖြစ်သွားမလားဆိုသည့် အ
ကြည့်နှင့်မေပျိုကို လှမ်းကြည့်သည်။
             
"အခု ဆေးခန်းသွားမလား …ဒေါ်လေး လိုက်ပို့မယ်လေ"
             
"ဟင့်အင်း…ခဏနားရင် သက်သာသွားမှာပါ"
              
"ဒါဆို တစ်ခုခုစားပြီး ဆေးသောက်လေ"
              
"ခဏနေမှ စားပြီး သောက်လိုက်မယ်…ဒေါ်လေး ဒီချိုင့်တွေ ထားခဲ့မှာလား…လှယ်စရာက ဟိုတစ်ခါက  ချိုင့်တွေပဲ ရှိတယ်…"
                
"အေးပါ အဲ့ဒါဆို …ဒေါ်လေး တစ်ခါတည်း လှယ်သွားလိုက်မယ်…ဟင်းတွေကို အကုန်ကုန်အောင် စားနော်
အစားများများစားမှ အားရှိမှာ"
                 
ဒေါ်လေးက မေပျိုအခန်းထဲထိ လိုက်လာပြီး ဟင်းခွက်တွေ လှယ်ပေး၏။အခန်းကိုလည်း ရှင်းပေး၏။နှစ်ပတ်တစ်ခါလောက် လာပြီး ထိုသို့ လုပ်ကိုင်ပေးသည့် ဒေါ်လေးကိုကြည့်ပြီး မေပျို အားနာနေမိသည်။သို့သော် ဒေါ်လေးက တားရသည် မဟုတ်။သူ၏ ဝတ္တရားအတိုင်းလာမြဲ ပြောမြဲ လုပ်ကိုင်ပေးမြဲဖြစ်သည်။
                
"မနက်ဖြန်ကျ ပြန်လာပြီး ခေါင်းအုံးစွပ်တွေ အိပ်ရာခင်းတွေ  လဲပေးဦးမယ် အရောင်အဆင်းမရှိတော့ဘူး ဖွေးနေပြီ"
                 
"မဖွေးပါဘူး… လဲပေးထားတာ ဘယ်လောက်ကြာသေးလို့လဲ…အသစ်ကြီး ရှိသေးတဲ့ဟာကို"
                 
"မရပါဘူး…သမီး ဒီလို ကုတင်မပါ ဘာမပါနဲ့ အခန်းကျဉ်းထဲမှာ နေရတာကို တွေးရင်  ဒေါ်လေးမြ ရင်ထဲ ဘယ်လောက် ဆို့တယ် မှတ်လဲ…သမီးက စကားနားမထောင်လို့သာ အဆောင်မှာနေဖို့ လက်ခံပေးရတာ…တကယ်ဆို တိုက်ခန်းငှားပြီး  ကောင်းကောင်းမွန်မွန် နေလို့ရရဲ့သားနဲ့ သမီးခေါင်းမာလို့သာ"
                  
"မေပျို နေတတ်ပါတယ်"
                   
"နေတတ်ပေမယ့် အနေဆင်းရဲ အစားဆင်းရဲ
မဟုတ်လား…သမီးအမေသာ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး
သူက ဆင်းဆင်းရဲရဲ မနေစေချင်လို့ သမီးကို ပိုက်ဆံတွေ စုပေးခဲ့တာလေ"
                   
"အဲ့ဒီငွေတွေကို  မေပျို အလဟဿမသုံးရက်ပါဘူး ဒေါ်လေးရယ်…မေမေ့အတွက် အလှူ လုပ်ပေးဖို့အတွက်ပဲ ရည်စူးထားတယ်… မေပျိုအတွက်က မေပျို ဘာသာ ရှာနိုင်ပါတယ်…"
                  
"အလုပ်လုပ်ဦးမလို့လား"
                   
"အင်း…လုပ်မှာပေါ့…ဒီမိုးကုန်ရင် အလုပ်တစ်ခု ထပ်ရှာမယ်"
                   
"ပထမ အလုပ်ကရော"
                   
"မိုးတွင်းသုံးလေးလ နားရမှာမို့ တစ်ခါတည်း
ထွက်ခဲ့တာ"
                  
"ဟင်း…စိတ်တွေမောလိုက်တာ… အဲ့ဒီမိုးတွင်းကလည်း သမီးအတွက် ရောဂါတစ်ခုလို ဖြစ်နေတယ်…"
                   
မေပျို ခပ်ယဲ့ယဲ့ ပြုံးပြီး ခေါင်းကို ခါယမ်းလိုက်သည်
                   
"တကယ်တော့ မိုးတွင်းက သမီးအတွက် ဆေးတစ်ခွက်လိုပါ …မိုးတွေသာ မရွာရင် သမီး အသက်ဘယ်လိုရှင်ရမလဲ သိမှာ မဟုတ်ဘူး"
                  
"ဟင်း"
                   
ဒေါ်လေးက စိတ်မောလူမောစွာ သက်ပြင်းချ၏။ မေပျို မျက်လုံးမှိတ်ကာ ငြိမ်နေမိသည်။
                  
"ဆေးခန်းသွားမှ ဖြစ်မှာ မဟုတ်ဘူးလား"
                  
"ရပါတယ် အိပ်လိုက်ရင် သက်သာသွားမှာပါ"
                  
မေပျို ပြောပြောဆိုဆို ဒေါ်လေးကို ကျောခိုင်းကာ အိပ်လိုက်သည်။ဒေါ်လေးကငြိမ်သက်စွာ အကြာကြီး ထိုင်နေ၏။မေပျိုကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေသည့်ပုံပါ။ခဏကြာတော့…
                  
"ဒေါ်လေးသွားပြီနော် သမီး…နေမကောင်းရင်
ဖုန်းဆက်လိုက် ကြားလား…ပေမနေနဲ့နော်"
                 
မေပျို ပြန်မဖြေသည့်အခါ သက်ပြင်း ထပ်ခါထပ်ခါချပြီး အခန်းအပြင်သို့ ထွက်သွား၏။
                 
အသံတွေ တိတ်ဆိတ်ငြိမ်သက်သွား၏။
မေပျို မျက်လုံးတွေအသာအယာဖွင့်ပြီး အခန်းနံရံကို စိုက်ကြည့်နေမိသည်။အခန်းနံရံမှာ မေမေ့မျက်နှာက တရေးရေး ပေါ်လာ၏။
                
"မေမေ"
                 
လက်ကလေးကို ဖြည်းဖြည်းမြှောက်ကာ နံရံဆီသို့ လက်ကလေး ဆန့်တန်းမိသည်။
           
မေမေ့ပါးပြင်ကို လက်ကလေးနှင့် ထိတွေ့ရသကဲ့သို့ ခံစားရမိသည်။ဝမ်းနည်းမှုတို့ ရင်ဝထိ ဆို့တက်လာသည်။
             
ဟိုး လွန်ခဲ့သည့် သုံးနှစ်တာကာလဆီသို့ ပြန်တွေးမိလျှင် နာကျင်မှုသည် လတ်ဆတ်စွာ ပြန်နိုးထ၍လာခဲ့ပြန်သည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now