" ကဲ... ဒီကနေ့ အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ တို့ရွာရဲ့ မီးရေးထင်းရေးကိစ္စကြောင့်ပဲ "
ဦးမင်းငွေက ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နဲ့ စကားပြောရင်း စီတန်းထိုင်နေကြတဲ့ ရွာသူရွာသားတွေကို အကဲခတ်သည်။ ပြောစကားကိုနားထောင်နေကြတာ သေချာတယ်ဆိုမှ ပြောလက်စ,စကားကို ဆက်သည်။
" ထွေထွေထူးထူးတော့ မဟုတ်ပေမယ့် နှစ်တိုင်းစောင့်နေကျ မီးကင်းစောင့်ဖို့တာဝန်ပဲ "
" ငါးယောက်တစ်ဖွဲ့ အလှည့်ကျလား သူကြီး "
သာဗြောရဲ့အမေးကို ဦးမင်းငွေ ခေါင်းညိတ်လိုက်သည်။
" အဓိကတော့ ကာလသားတွေနဲ့ ပိုပြီးသက်ဆိုင်တယ်... ငါတို့ရွာမှာ သူ့အပိုင်းနဲ့သူ မီးကင်းချထားတာမလို့ ညကိုးချက်တီးကနေ မနက်လေးချက်တီးအထိ စောင့်ရမယ် "
ကာလသားအုပ်စုက ခေါင်းညိတ်သည်။ မညိတ်လို့ကလည်းမရ။ ဒီည အစည်းအဝေးမှာ ဆရာတော်ပါ ကြွလာတာမလို့ ရွာသားတွေက ပုံမှန်ထက်ပိုလို့ ငြိမ်ကုတ်နေကြသည်။
" ဒင်္ဂါးရော စောင့်မှာလား... သူကြီး "
ကာလသားခေါင်းဘမော်က မေးသည်။ ဦးမင်းငွေ လမ်းလျှောက်နေရင်း တုံ့ခနဲရပ်သွားပြီး လူအုပ်ထဲက ဘမော်ကို လှမ်းကြည့်လိုက်သည်။
" ဟ ! စောင့်ရမှာပေါ့ဟ . နို့ မနှစ်ကလည်း မစောင့်ဘူးလား ... ဘောက်မဲ့ကြောင့် မေးနေသလဲ "
" သူကြီးကလည်း ဒါလေးမေးတာကို ... မီးကင်းချဖို့ဆို လူဦးရေတွက်ပြီးတော့ စီစဉ်ရမှာပေါ့ "
" အေး မနှစ်ကလုပ်နေကျအတိုင်း တိုးတန်တိုး လျှော့တန်လျှော့လေ ... နူနေတာကလွဲရင် အကုန်ထည့် ဟေ့ကောင် "
ဦးမင်းငွေက ခပ်ပြတ်ပြတ်ပြောတော့ ဘမော်က ခေါင်းကုတ်ပြန်သည်။
" နူနေတာကလွဲရင် အကုန်ထည့်ဆိုတော့ မြို့အုပ်မင်းရဲ့ညီကိုရော ထည့်ရမှာလား သူကြီး "
" ဟ ! ဒီကောင် "
လက်ထဲကတောင်ဝှေးနဲ့ ဘမော်ဆီ လှမ်းပစ်ချင်စိတ်ကို ဦးမင်းငွေ မနည်းထိန်းရသည်။ စကားကိုများ ကပ်သီးကပ်ဖဲ့နဲ့။ ပစ်တိုင်းထောင်က ရွာ့ဧည့်သည်ဖြစ်သလို မြို့အုပ်မင်းညီလည်းဖြစ်သည်။ ပစ်တိုင်းထောင်ကိုများ မီးကင်းစောင့်ခိုင်းမိရင် ဦးမင်းငွေအနေနဲ့ မြို့အုပ်ကို ဘယ်လိုမျက်နှာပြရမလဲတောင်မသိ။
![](https://img.wattpad.com/cover/364948445-288-k218573.jpg)
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024