ဒီနေ့အတွက် double update ဖြစ်တာမို့ မနက်ကတင်ထားတဲ့ အပိုင်း -(၁၅)ကို အရင်ဖတ်ကြပါ။
>>>>>>>>>>
ဒီကနေ့တော့ ဒင်္ဂါးတို့ရဲ့ မနက်ခင်းစားပွဲဝိုင်းတွင် လူစုံနေသည်။ အရင်ရက်တွေက အခါတွင်းဉပုသ်ကိစ္စ၊ အလှူကိစ္စတွေနဲ့ အလုပ်များနေသည်မို့ အဘက ဒင်္ဂါးတို့နဲ့ မနက်စာအတူမစားဖြစ်တာများသည်။ အခုတော့ အလှူကိစ္စကြီးလည်း ပြီးသွားပြီဖြစ်လို့ အဘလည်း အနည်းငယ်အနားရနေသည်။
ရွာတောင်ပိုင်းက ကိုမြင့်ဆွေတို့တောတက်ပြီး ရလာတဲ့ဆက်သားခြောက်ကို အစ်မငွေမှုန်က မီးသွေးရဲရဲနဲ့ ကျွတ်ခြောက်နေအောင် ကင်ပေးထားပြီး ပဲဆီဆုံဆီစစ်စစ်လေးဆမ်းထားပေးသည်မို့ အဘတင်မကပဲ ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက်ပါ အားရပါးရစားနေကြသည်။
" အဘ ဒီနေ့ဘယ်ရွာသွားဖို့ရှိသေးလဲ "
ဒင်္ဂါး မနက်စာစားနေသည်ကို လက်စသတ်ပြီးတော့ အဘကိုမေးလိုက်သည်။ အစ်မငွေမှုန်ကတော့ လယ်ထဲထမင်းပို့ဖို့အတွက် မီးဖိုခန်းထဲတွင် ပြင်ဆင်နေသည်။
" အခုလောလောဆယ်တော့ မရှိသေးပါဘူး.. လူလေးရဲ့.. ဘာဖြစ်လို့လဲ "
" ကျွန်တော် ဒီနေ့ ရွာကျောင်းမယ် ကလေးတို့ကို စာသွားပြပေးရမှာမို့... အဘသွားစရာရှိရင် ကိုဘမော်ဖြစ်ဖြစ်၊ ကိုချက်ကြီးကိုဖြစ်ဖြစ် ခေါ်သွားဖို့ပြောမလို့ "
" ဟုတ်လား... လူလေး ကျောင်းသွားမယ်ဆိုရင်တော့ အဘဒီနေ့အိမ်စောင့်ရတော့မပေါ့ "
သူကြီးနဲ့ ရွှေဒင်္ဂါးပြောနေတာကို ပစ်တိုင်းထောင်က တိတ်တဆိတ်နားထောင်နေသည်။ ဒီနေ့အိမ်မှာ အစ်မငွေမှုန်လည်းမရှိဘူး။ ရွှေဒင်္ဂါးကလည်း ကလေးတွေစာသွားပြမယ်ဆိုတော့ သူကြီးနဲ့ ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်သာ ကျန်နေလိမ့်မည်။
အလှူတုန်းက ကိုချက်ကြီးနဲ့ ကိုဘမော်တို့ကာလသားတစ်စုကို ကိုကိုကြီးတို့ပြန်ပြီးရင် ထန်းရည်လိုက်တိုက်မယ်ဆိုကာ ပစ်တိုင်းထောင်က ကတိပေးထားခဲ့သည်။
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024