အပိုင်း - (၁၉)

6.3K 474 13
                                    

သွားလေရာနောက်ကို တကောက်ကောက် ပတ်လိုက်နေတဲ့ ဖိုးထူးကြောင့် ပစ်တိုင်းထောင်မှာ စိတ်ညစ်လှသည်။ မသိချင်ယောင်ဆောင်လို့ ခြံရှေ့က မိစွာနဲ့ မိုက်မိုက်စန်းနား သွားထိုင်နေလည်း မရ။ အိမ်ဘေးက ရေတုံကင်မှာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ရွှေဒင်္ဂါးရေစိမ်ထားတဲ့ အဝတ်တွေကို တဗွမ်းဗွမ်းနဲ့ ကောက်လျှော်နေလည်း မရတာမလို့ ပစ်တိုင်းထောင်မှာ ရေစိုလက်ကြီးနဲ့ ခေါင်းကို တဗျင်းဗျင်းကုတ်ပစ်လိုက်သည်။

" ဝေးဝေးသွားစမ်း ဖိုးထူးရာ ... ဆောင့်ကန်ပစ်လိုက်ရ "

" ကူညီပါဆို ကိုကြီးပစ်တိုင်းထောင်ကလည်း ... ဟိုတစ်ခါတုန်းကလည်း ကူညီပေးဖူးတာပဲကို "

" ဟ ! အရင်တစ်ခါကူညီတာနဲ့ အခုကူညီရမှာနဲ့ တူမလားကွ "

" ဘာကွာလို့တုန်း "

ပစ်တိုင်းထောင်က သက်ပြင်းချလိုက်ရင်း လက်ထဲက လျှော်လက်စ ရွှေဒင်္ဂါးရဲ့ ချည်အင်္ကျီလေးကို ရေဇလုံထဲ ပြန်နှစ်ထားလိုက်သည်။ ပြီးကာမှ မတ်တပ်ရပ်လိုက်ရင်း ရေစိုလက်ကို ပုဆိုးစနဲ့ ဖိသုတ်ပစ်ကာ ရေတုံကင်ကိုမှီလို့ ခပ်ရို့ရို့လေးရပ်နေတဲ့ ဖိုးထိုးကို ခါးထောက်လို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

" မင်းက နောက်နှစ်ရက်နေရင်ပဲ ရှင်ပြု ရဟန်းခံရတော့မှာလေ ... ဒီအချိန်မယ် ရည်းစားတဏှာနဲ့ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့စရာလား "

" ဟာ . ဘာဆိုင်လို့လဲ ကိုကြီးပစ်တိုင်းထောင်ကလည်း ... ကျွန်တော်က ရာသက်ပန် ဘုန်းကြီးဝတ်မှာမှ မဟုတ်တာ "

" ဟုတ်ဟုတ် မဟုတ်ဟုတ် ... မရဘူးဆို မရဘူးပဲ . ဘယ့်နှယ် ငါ့များ နေရာတကာ ... မသိရင် ငါက အသေခံတပ်သားကြီးကျလို့ "

ခါးကြီးထောက်လို့ ရှုံ့ရှုံ့မဲ့မဲ့ပြောနေတဲ့ ကိုကြီးပစ်တိုင်းထောင်ကိုကြည့်ရင်း ဖိုးထူးကြိတ်ရယ်လိုက်သည်။ အသေခံတပ်သားတော့လည်း မဟုတ်ပေမယ့် ကိုကြီးပစ်တိုင်းထောင်က တစ်ရွာလုံးရဲ့ အချစ်ဆုံးမလို့ တစ်ခုခုသာဆို ကိုကြီးပစ်တိုင်းထောင်မျက်နှာနဲ့ အပြစ်အပေးခံရလည်း ပေါ့လျော့နိုင်သည်မလား။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now