အပိုင်း - (၁၁)

6.6K 457 33
                                    

" ပစ်တိုင်းထောင်ရေ ... ပစ်တိုင်းထောင် ... ဟေ့ ရွှေဒင်္ဂါး ... ဘယ်သူမှ မရှိကြဘူးလား "

ချက်ကြီးက နွားလှည်းပေါ်ကနေ သူကြီးအိမ်ထဲကို လှမ်းကြည့်ရင်း အော်ခေါ်လိုက်သည်။ အော်ခေါ်‌နေပေမယ့် ခြံရှေ့မှာ ခွေးနှစ်ကောင်ကလွဲလို့ လူတစ်ယောက်ကိုမှ အရိပ်အယောင်တောင် မတွေ့ရသေးတာကြောင့် အိမ်မှာမရှိကြဘူးလို့ပဲ မှတ်လိုက်သည်။

" ရှိတယ် ကိုချက်ကြီးရဲ့ ... မနက်ခင်းစာ စားနေကြ‌လို့လေ . အပြင်မယ် နေရှိန်တာနဲ့ အထဲမှာ စားနေတာ ... ဘာကိစ္စရှိလို့လဲ "

" အေး ... ငါက ဘယ်သူမှမတွေ့တော့ အပြင်သွားကြတယ်ထင်တာ ... ဆရာတော့်ကျောင်းကိုတော့ မသွားလောက်ဘူးလေ . ငါက ခုလေးတင်ပဲ ဆရာတော့်ကျောင်းကနေ ထွက်လာတာ "

အိမ်ထဲကနေ ခပ်သုတ်သုတ်ပြေးထွက်လာတဲ့ ဒင်္ဂါးက ခြံတံခါးလာဖွင့်ပေးတာကြောင့် ချက်ကြီးလည်း နွားလှည်းကို ခြံထဲမောင်းဝင်လိုက်သည်။

" နွားလှည်းမှာလည်း ထန်းလက်တွေ မြိုင်နေတာပဲ ကိုချက်ကြီး ... ရွာထဲလည်မလို့လား "

" အေး ... ဒီကနေ့က အကျနေ့ဆိုတော့ ကလေးတွေကလည်း ရေပက်ကြမှာလေ ... ဟိုဘက်ရွာတွေထိ လည်ရအောင်လို့ ပစ်တိုင်းထောင်ကို လာခေါ်တာ "

" နေပူကပူနဲ့ ကိုချက်ကြီးရယ် "

" အော် ... သူ့ပဲ ခေါ်ချေပါဦး . နန့်နန့်ထိုးပြီး လိုက်မလာရင် ကံကောင်း "

ကိုချက်ကြီးက ပစ်တိုင်းထောင်အကြောင်း သိသူပီပီ ပြောလိုက်တော့ ဒင်္ဂါး ရယ်လိုက်သည်။ နွားလှည်းပေါ်မှာလည်း စဉ့်အိုးနဲ့ အုန်းမုန့်ခွက်တွေ သယ်လာပြီး လည်ပတ်ရင်းတောင် သူတို့က ရေပက်ဦးမယ့်ပုံ။ လှည်းရံတိုင်တွေမှာလည်း ထန်းလက်တွေနဲ့ ပိတောက်ခက်တွေကို တွဲချည်ထားတာမလို့ ကိုချက်ကြီးက သေသေချာချာကို ပြင်ဆင်လာပုံရသည်။

" ကိုချက်ကြီးရော မနက်ခင်းစာ စားပြီးခဲ့ပြီလား ... မစားရသေးရင် တစ်ခါတည်း ဝင်စားသွားလေ "

" ‌တော်ပါ ... မင့်အဘ သူကြီးနဲ့ ငါနဲ့က တွေ့ရင် တစောင်းစေးနဲ့ မျက်ချေး . မစားတော့ဘူး ... ဆရာတော့်ကျောင်းမယ် စားလည်း စားခဲ့ပြီးပြီ "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now