" ဟေ့ မုန့်လက်ဆောင်းဖတ်က မရသေးဘူးလား "
" ထန်းလျက်ရည်ကို ကျိုပြီးရင် အမှိုက်တွေပါမလာအောင် သေချာစစ်ထုတ်နော် "
" မုန့်လက်ဆောင်းစစ်မယ့် ဇကာတွေကို ရေသေချာတိုက်ဆေးထားကြစမ်း "
ဘုန်းကြီးကျောင်းဝင်းထဲမှာ ကာလသားခေါင်း ဘမော်ရဲ့ ကြီးကြပ်စီမံသံက ဆူညံနေသည်။ မုန့်လုပ်နေကြတဲ့ အပျိုအဖွဲ့ဘက်ကိုပြေးလိုက် ထန်းလျက်ရည်ကျိုနေတဲ့ ကာလသားတွေဘက်ကို ပြေးလိုက်နဲ့ တစ်ယောက်တည်း ပတ်ချာလည်နေသည်။
" ဟာ ... ဟိုကောင် သာဗြော . အမှိုက်တွေက ကျောင်းအနောက်မှာ ပုံထားရမှာလေ ... သစ်ရွက်ခြောက်တွေပဲ ကျောင်းရှေ့မှာ လာပုံချေ "
" ဟေ့ . ကျောင်းပေါ်မှာ ကြမ်းတိုက်တဲ့အဖွဲ့ကလည်း သေချာပြောင်အောင်တိုက်နော် ... ကြမ်းခင်းတွေ ပြောင်နေတာပဲ လိုချင်တယ် "
ကိုယ်တိုင်ကလည်း တံမြက်စည်းကြီးကိုင်လို့ လှဲကျင်းနေတဲ့ ဘမော်က ပါးစပ်ကနေလည်း အစီအမံမပျက်။ မြို့အုပ်မင်း ဆောက်လုပ်လှူဒါန်းထားတဲ့ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းက ပြီးပြီမို့ အတာရက်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ရေစက်ချမှာဖြစ်သည်။ အဲ့တာကြောင့် တစ်ရွာလုံးက တစ်ရက်အချိန်ပေးလို့ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းဝန်းကျင်ကို သန့်ရှင်းရေးလုပ်အားကူနေကြသည်။
တောရွာဓလေ့အတိုင်း လုပ်အားပေးနေရာမှာလည်း စတုဒိသာကတော့ ပါကြစမြဲ။ သူကြီးဦးမင်းငွေက လုပ်အားပေးသူအားလုံးကို မုန့်လက်ဆောင်းတိုက်တာမလို့ မိကဲတို့အဖွဲ့က ထန်းလျက်ရည်ကျိုကြပြီး ဖိုးထူးတို့ အဖွဲ့ကတော့ မုန့်လက်ဆောင်းဖတ် ကျိုကြသည်။ မုန့်လုပ်ဖို့ တာဝန်မကျတဲ့ အပျိုတွေနဲ့ ကာလသားတွေကတော့ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ တာဝန်ခွဲလို့ တံမြက်စည်းလှည်း ကြမ်းတိုက် စသဖြင့် တာဝန်ခွဲဝေယူကြသည်။
" ဒင်္ဂါးရေ ... သား . မုန့်လက်ဆောင်းဖတ်လုပ်တဲ့နေရာကို သွားကြည့်ချေဦး . ထုံးထည့်တာ များနေဦးမယ် "
" ဟုတ်ကဲ့ . အဘ "
ဒင်္ဂါးက လက်ထဲက ရေပုံးကိုချလို့ ကျောင်းအနောက်ဘက်က မုန့်လက်ဆောင်းလုပ်နေတဲ့ အဖွဲ့ဆီကို လျှောက်သွားလိုက်သည်။
![](https://img.wattpad.com/cover/364948445-288-k218573.jpg)
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024