နေ့ပိုင်းမှာ ပူလောင်ပေမယ့် ညခင်းအချိန်မတော့ လသာပြီး ရာသီဥတုကလည်း အေးမြသည်။ ဒင်္ဂါးတို့ရွာအဖွဲ့ စားတည်းချထားရာက အပင်ကြီးတွေအောက်ဖြစ်တာကြောင့် လေကောင်းလေသန့်ရပြီး လေကလည်းတဖြူးဖြူးမို့ နေသာလှသည်။
" ကိုယ့်ပစ္စည်းကိုယ် ထိန်းသိမ်းကြနော် ... အိပ်မောကျမနေကြနဲ့ဦး "
ညစာမစားပဲ ပွဲဈေးကို လျှောက်လည်ပြီးကြပြီမို့ ရွာက လုံမလေးတွေနဲ့ ကာလသားတစ်စုရယ် သက်ကြီးရွယ်အိုတွေက စုရပ်မှာ ပြန်ဆုံကြပြီဖြစ်သည်။ အုပ်ထိန်းသူအဖြစ်ပါလာတဲ့ ကိုချက်ကြီးက လှည့်လည်လို့ သတိပေးတော့ ဒင်္ဂါးတို့လည်း ခေါင်းညိတ်ပြလိုက်သည်။
" အိပ်ခါနီးကျ မီးငြှိမ်းဖို့မမေ့နဲ့နော် အငယ် ... အစ်မ ခဏနားဦးမယ် "
ဒင်္ဂါးတို့မှာ အစ်မအပါအဝင် လုံမပျိုကလေးတွေပါသည်မို့ ယာယီတဲခပ်ကြီးကြီးတစ်ခုကို ကာလသားတွေက တစ်နေ့ခင်းတည်းနဲ့အပြီး ဝိုင်းဝန်းလို့ ဆောက်ပေးကြသည်။ ဒင်္ဂါးတို့လူငယ်တွေက အဆင်ပြေသလို အိပ်ကြမည်ဖြစ်ပြီး လူကြီးတွေကတော့ ဘုန်းကြီးကျောင်းမှာ သွားအိပ်ကြသည်။
" ကိုခွေးပုနဲ့ ပစ်တိုင်းထောင် ပွဲဈေးတန်းက ပြန်လာကြပြီလား "
ရေနွေးကြမ်းသောက်ဖို့အတွက် ရေနွေးတည်ထားရင်း ပွဲဈေးတန်းကပြန်လာတဲ့ ဆရာတပည့်နှစ်ယောက်ကို ခရီးဦးကြိုပြုလိုက်သည်။ ခေါင်းညိတ်ပြလာတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးဘေး ဝင်ထိုင်သလို ကိုခွေးပုကလည်း သူ့ဆရာဘေး ဝင်ထိုင်သည်။
အစကတော့ ပွဲဈေးကို အတူတူလည်ကြပတ်ကြပေမယ့် ပွဲဈေးအတွင်းပိုင်းက အံစာဝိုင်းကို မျက်စိကျသွားတဲ့ မြို့အုပ်မင်းညီက ထိုနေရာကနေမထတမ်း ဖင်မြဲနေတော့တာကြောင့် ညနက်ပြီမို့ ဒင်္ဂါးတို့က အရင်ပြန်ခဲ့တာဖြစ်သည်။
" မဟန်ပါဘူး ကိုဒင်္ဂါးရာ ... ဆျာထောင်ပေါ့ . အံစာက ရေကပ်သွားလို့ ဖားပဲကျပါမယ်ဆိုတာကို စကားနားမထောင်ဘူးလေ ... အကုန်ပြောင်ကရော "
ဖောင်း ...!
" အ .! "
" မင့် ဘယ်သူက စစ်မေးနေလို့လဲ မိချောင်းမသားရဲ့ "
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024