သာထင် နွားလှည်းဆင်ရင်း သူကြီးအိမ်ဆီကို အကဲခတ်လိုက်သည်။ ရွာက လူကြီးလူငယ်မကျန် တစ်ဖက်ရွာက ဘုရားပွဲကို လည်ပတ်ကြမှာမို့ စုရပ်ဖြစ်တဲ့ သူကြီးအိမ်ရှေ့မှာ နွားလှည်းတွေ တန်းစီလို့ ရောက်နေကြပြီဖြစ်သည်။
" ဟေ့ ဒင်္ဂါး ... မပြီးကြသေးဘူးလား ... နောက်ကျလို့ နေမြင့်သွားရင် နွားတွေပင်ပန်းမှာနော် ... အဲ့အခါကျ ငါတို့ပဲ ခရီးဖင့်မှာ "
သာထင်က အိမ်ဘက်ကိုလှည့်ရင်း လောဆော်လိုက်သည်။ အိမ်ဘက်ကို ကြည့်ရသလို သာထင့်အနီးကိုလည်း မျက်စိစွေလို့ စောင်းငဲ့ကြည့်ရသေးသည်။ ခြံထဲကို နွားလှည်းဝင်လာကတည်းက လုံးနေအောင် ပြေးလာတဲ့ မိစွာနဲ့မိုက်မိုက်စန်းကြောင့် လန့်သွားရတဲ့ ကြောက်စိတ်ပင်မပြေသေး။ မကိုက်သော်ငြား သွားဖုံးကြီးတွေပေါ်သည်အထိ သွားကြီးဖြဲလို့ တဂီးဂီးလုပ်နေတဲ့ နှစ်ကောင်နဲ့ သာထင်က ဘယ်အချိန်တွေ့တွေ့ တစောင်းစေးနဲ့ မျက်ချေး။
" ဒင်္ဂါး ... "
" လာပြီ သာထင်ရ . လာပြီ ... ဘယ့်နှယ့်ဖြစ်လို့ စွတ်အော်နေရတာလဲ ... အချိန်လည်း မလင့်သေးပါဘူး "
အိမ်ထဲကနေ တစ်ဖက်မှာ တောင်းကြီးတစ်တောင်းကိုဆွဲပြီး တစ်ဖက်မှာ အဝတ်ထုပ်ကြီးကိုင်လာတဲ့ ဒင်္ဂါးက သာထင့်ကို တဗျစ်တောက်တောက်ပြောရင်း ထွက်လာသည်။
" ခြံရှေ့မယ်လည်း သွားကြမယ့်လှည်းတွေ ရောက်နေပြီဟ "
" အေးပါကွာ ... အစ်မငွေမှုန်လည်း လာပြီ . စောင့်ဦး "
လှည်းပေါ်ကို သယ်လာတဲ့ပစ္စည်းတွေတင်ရင်း ဒင်္ဂါးက အိမ်ထဲ ပြန်ဝင်သွားပြန်သည်။ သာထင်ကတော့ ဒင်္ဂါးတင်ထားခဲ့တဲ့ တောင်းတွေပလုံးတွေကို လှည်းပေါ်မှာ နေရာတကျ စီစီရီရီ နေရာချလိုက်သည်။
" တော့ ကိုသာထင် ... လှည်းမထွက်ကြသေးဘူးလား . ကျုပ်တို့က ရောက်ချင်ပြီတော့ ... စောင့်ရတာကြာလိုက်တာ "
" အော် . မိကဲ "
စိတ်မရှည်တော့ပုံရတဲ့မိကဲက ခြံထဲထိဝင်လာပြီး သာထင့်ကို ရန်လာတွေ့သည်။ သာထင်လည်း ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်ပြီး သက်ပြင်းတစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်သည်။
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024