这题超纲了
ZTCGLUNICODE
"ကျောင်းသား. . . ဆရာပြောတာကြားရလား ကျောင်းသား။"
"ထူးဆန်းလိုက်တာ ဘာလို့နိုးမလာသေးတာပါလိမ့်။"
"မင်းပြောတော့ သူဘာမှမဖြစ်ပါဘူးဆို ၊ အကောင်းကြီးပါ ဘာလို့ခေါ်တော့ကြ နိုးမလာတာလဲ?"
"အကုန်စစ်ဆေးပြီးပြီ ဒါကတကယ်ကို ဘာပြဿနာမှ မတွေ့ဘူး။"
". . . . . ."
ထိုအသံများသည့် အလွှာပါးတစ်ခုခြားထားပုံရပြီး ရွှီရှန့်နားအတွင်း မသဲမကွဲဝင်ရောက်လာခဲ့သည်။
"အယ် အတန်းမှူးကု ခင်ဗျားမပူပါနဲ့။"
"ဘာကိုမပူရမှာလဲ ၊ နံရံအုပ်ရိုးအောက်မှာ သူတို့နှစ်ယောက်ထပ်လျက်လဲကျနေတာများ မြင်တုန်းကဆို အလောင်းနှစ်လောင်းအတိုင်းပဲ ၊ ကျုပ်မပူဘဲနေမလား! သူ့ကိုယ်ပေါ်မှာ တကယ်ပဲ ခိုက်ရန်ဖြစ်ထားတဲ့ဒဏ်ရာတွေမရှိဘူးပေါ့? ဟိုကောင်ရွှီရှန့်လုပ်တာ မဟုတ်ဘူးပေါ့?"
ကိုယ့်နာမည်ကိုယ်ကြားတော့ ရွှီရှန့်သည် ပြင်းထန်သော ခေါင်းကိုက်ခြင်းနှင့်အတူ နည်းနည်းအသိပိုကပ်လာ၏။ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည့်ခံစားချက်သည် သူ့ဦးနှောက်အတွင်းရှိ အာရုံကြောများဆီသို့ တလျှောက်လုံးဆက်သွားနေသဖြင့် သူ့နာမည်ပေါ်လာသည့်ရှုထောင့်က အနည်းငယ်လွဲချော်နေသည်ကို သတိမထားမိလိုက်။
အတန်းမှူးသည်ကား မျိုးရိုးကု လူတိုင်းသိအမည်ကတော့ ကုယန်ဝမ်ပင် ၊ သူသည် လင်ကျန်းအမှတ်(၆)တွင် အတော်လေး နာမည်ဂုဏ်သတင်းရှိပြီး ပြုပြင်၍မရသောကျောင်းသားမရှိဟု ဆိုထားသူ။ ဤသည်က သူစာသင်လာသည့်တစ်လျှောက်လုံး ရွှီရှန့်နှင့်မတွေ့ခင်အထိသာ။
ရွှီရှန့်သည် အထက်တန်းပထမနှစ်တစ်လျှောက်လုံး ကုယန်ဝမ်နှင့် အမြဲတိုက်ပွဲဖြစ်လျက် ၊ ကုယန်ဝမ်ကအရှေ့သွားခိုင်းရင် သူကအနောက်သွားမြဲ ၊ ပြန်လည်သုံးသပ်ခြင်းစင်မြင့်တွင် အချင်းချင်းခွပ်သည်ကလည်း ဖြစ်နေကြကိစ္စ ၊ 'ကျွန်တော်မှားတယ် နောက် ထပ်မလုပ်ဘူးလို့တော့ ကျွန်တော်အာမမခံဘူး' ဆိုသည့်တစ်ခွန်းကြောင့် ကုယန်ဝမ်မှာ ဒေါသအလွန်ထွက်ပြီး နေရာတင်ပေါက်ကွဲတော့သည်။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်