အပိုင်း -၂
နောက်ဆုံးအခေါက်ငင်သည့်ရေပုံးကို အားနှင့်မာန်နှင့်ဆွဲတင်ပြီး ပါလာသည့်ရေကို ရေတွင်းဘေးမှာချထားသည့်ပုံးထဲသို့ လောင်းထည့်ပြီးနောက် အဖုံးပိတ်လိုက်သည်။ဖျင်ထဘီကို ခပ်တိုတိုဖြစ်သွားအောင် အထက်ဆင့်နားကနေဆွဲလိပ်၍ ခါးမှာတင်းနေအောင်ဝတ်လိုက်တော့ စွံ့ကားသည့်နောက်ပိုင်းအလှက ထင်းခနဲပေါ်လာ၏။သို့သော် အစ်ကိုဖြစ်သူ၏ရှပ်အင်္ကျီအကျ အကွက်လက်ရှည်ပွပွကြီးက သူမအလှကို ခါးအောက်ပိုင်းအထိ ဖုံးသွားစေသည်။ပါးပြင်ပေါ်မှာ နေလောင်ခံအောင်လိမ်းထားသည့် ထူပိန်းပိန်းသနပ်ခါးအောက်က ဝိုင်းစက်စက်မျက်လုံးလေးနှင့် ကော့ညွှတ်သည့်မျက်တောင်ဖျားတွေက သူမကို မိန်းမလှအသွင်ဆောင်စေသည်။
"ကျုပ်ကပြည့်ပြီ မပူစူး....တော်ကရော....."
"ငါလည်းဒီတစ်ပုံးပါပဲဟဲ့..ခဏလေး... ပြီးရင် ငါနဲ့အတူတူဝိုင်း'မ'ရအောင်..."
"အွန်း....အွန်း...."
အိတုံတစ်ယောက် မပူစူးမကိုစောင့်ရင်း ကိုယ့်ရေပုံးကို အဖုံးသေချာအောင် ပြန်ပိတ်လိုက်သည်။ညနေပိုင်း အိတုံတို့ရေလာခပ်သည့် သောက်ရေတွင်းမှာ ရွာအရှေ့စူးစူးတွင်ရှိပြီး ရွာကနေဆိုင်ကယ်နှင့်ဆို ၁၀ မိနစ်လောက်သာမောင်းရသည်။
သူမတို့ငယ်ငယ်တုန်းကဆို ရွာမှာအခုလောက်ထိ ခေတ်မီဖွံ့ဖြိုးမှုမရှိသေးပေ။ရေချိုရသည့်နေရာမှာလည်း ဒီတစ်တွင်းသာရှိသည့်အတွက် ကိုကိုကြီးနောင်ရိုးတို့လို ကာလသားတွေဟာ ရေချိုအတွက် ရွာကနေဒီတွင်းအထိတိုင်အောင် လှည်းနှင့်တိုက်ရပါသည်။ရွာထဲမှာတော့ အိမ်တိုင်းနီးပါးရေတွင်းရှိပြီး ရေချိုမရဘဲ ရေငန်သာရသည့်အတွက် သုံးရေအဖြစ်သာ သုံးစွဲကြသည်။
ခေတ်စနစ်တွေပြောင်းလာပြီးလူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ရွာမှာလည်း ဆိုင်ကယ်သံတဖုန်းဖုန်းနှင့်ဖြစ်လာသည်။အရင်တုန်းက လှည်းနှင့်တကူးတကတိုက်ခဲ့ရသည့် သောက်ရေတွင်းသို့ ရေလာခပ်ကြမည့်အစား အသင့်ကြိုချက်ပြီးသား ၂၀ လီတာဆံ့သည့် ရေသန့်ဘူးအဖြူတွေ ရွာမှာအလွယ်တကူဝယ်လို့ရလာသည်။
YOU ARE READING
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...