9(Uni/Zaw)

2.4K 105 34
                                    

အပိုင်း -၉

"ဆွမ်း....တော်.....ဗျို့...."

ကလေးသံစူးစူးကြောင့် လင်းအိမ်မျက်လုံးတွေ ဖျတ်ခနဲဆိုပွင့်လာသည်။အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးကို အားယူဖွင့်ကြည့်တော့ အစိမ်းရောင်ဇာခြင်ထောင်အမိုးကိုမြင်ရ၏။ထို့နောက်မှ သူ စည်တော်ရွာကိုရောက်နေမှန်းသတိရလာသည်။ညက အဘတို့နှင့်စကားပြောကောင်းနေ၍ အိပ်ရာဝင်ချိန်ညနက်သွားခဲ့သည်။သူ့လိုစာရေးဆရာအဖို့ ညသန်းခေါင်ယံအထိနေနိုင်သော်လည်း မနက်ကိုတော့အစောမထနိုင်ပေ။

"ဆွမ်း....တော်....ဗျို့...."

ဒုတိယအကြိမ်ထွက်ပေါ်လာသည့်အသံကြောင့် သူ့အိပ်ချင်စိတ်က လုံးဝပျောက်သွားပြီ။တစ်လုံးချင်းသံရှည်ဆွဲပြီးအော်သွားပုံကိုက သူ့အတွက်တစ်မျိုးထူးဆန်းနေသည်။သူ့ဘေးမှာ နောင်ရိုးက ဟောက်သံပေးပြီးအိပ်ပျော်နေသည်မှာ တုတ်တုတ်မျှမလှုပ်။ဖုန်းကိုဖွင့်ကြည့်တော့ ၇ နာရီ။

သူ ခေါင်းရင်းမှာရှိနေသည့်ရေဘူးကိုလက်လှမ်းယူလိုက်သည်။သူက ဘယ်ရာသီဖြစ်ဖြစ် မနက်ခင်းအိပ်ရာနိုးပြီဆို
ရေကိုအဝမော့သောက်ရမှ ကျေနပ်သူ။
အပြင်ဘက်မှာအေးနေပေမယ့် ခန္ဓာကိုယ်၏ကိုယ်တွင်းအပူကြောင့် ရေက ဝမ်းဗိုက်တစ်လျှောက် စိမ့်ခနဲစီးဆင်းသွားသည်။ထို့နောက် စောင်ပုံထဲမှထပြီး ခြင်ထောင်အပြင်ဘက်သို့ထွက်ခဲ့၏။ညကချွတ်ထားသည့်ဆွယ်တာလက်ရှည်ကိုပဲ ပြန်ဝတ်လိုက်သည်။ပြင်ဦးလွင်လိုအေးသည့်အရပ်ဒေသမှာတောင် သူက ညအိပ်လျှင်အနွေးထည်ဝတ်မအိပ်တတ်ပေ။စောင်ထူထူသာခြုံလေ့ရှိသည်။

မျက်နှာသစ်သည့်ကိစ္စကို နောက်မှလုပ်ရမည်။လောလောဆယ် သူကြားနေရသည့်ဆွမ်းတော်အသံကိုသာ အရင်ဆုံးတွေ့မြင်ချင်စိတ်ကဖြစ်နေသည်။သူ ရေကန်ကိုမသွားသေးဘဲ အိမ်ထဲမှနေ၍ ပြတင်းပေါက်ကိုအသာလှပ်ကြည့်၏။နောင်ရိုးတို့အိမ်က ရွာလမ်းမကြီး၏ဘေးမှာရှိ‌သည့်အတွက် ပြတင်းပေါက်ဖွင့်သည်နှင့် လမ်းမပေါ်ကို အတိုင်းသားမြင်ရသည်။

ရှေ့ဆုံးမှကိုရင်ငယ်တစ်ပါးက စပီကာအသေးလေးကိုကိုင်လျက် ဆွမ်းတော်ဗျို့အော်သွားသည်မှာတော်တော်ဝေးဝေးတောင် ရောက်နေပြီ။နောက်မှ ဘုန်းကြီးများနှင့်ကိုရင်လေးများက သပိတ်ကိုယ်စီပိုက်လျက် တည်ငြိမ်သောဣန္ဒြေ၊ ကြည်ညိုဖွယ်ကောင်းသောသိက္ခာပုဒ်အပြည့်နှင့် အတန်းလိုက်ဆွမ်းခံကြွနေကြသည်။ဒီလောက်အေးလှသည့်ပြာသိုလကြီးတွင် ကိုရင်လေးများမှလွဲ၍ ဆရာတော်ကြီးများအားလုံး သင်္ကန်းတစ်မျိုးတည်း
ကိုသာရုံလျက် ဖိနပ်မပါဆွမ်းခံကြွကြသည်မှာ ကြည်ညိုလေးစားဖွယ်ပင်။

တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete Donde viven las historias. Descúbrelo ahora