အပိုင်း -၁၂
တောင်ပေါ်ညစာကတော့ သူ့တစ်သက်မှာ မမေ့နိုင်စရာညစာဖြစ်ခဲ့သည်။သူစားဖူးသမျှထဲမှာလည်း အလွတ်လပ်ဆုံးထမင်းဝိုင်းနှင့် မိသားစုဆိုသည့်နွေးထွေးမှုကို ခံစားရသည်။
ထင်းမီးဖိုကြီးဘေးပတ်ပတ်လည်တွင် ပန်းကန်ကိုယ်စီကိုင်လျက် ကိုယ့်ဖိနပ်ကိုယ်ဖင်ခုထိုင်ကြသည်။သူအပါအဝင်နောင်ရိုးတို့မိသားစုကတစ်ဝိုင်းဖြစ်ပြီး တခြားသူမသိသည့်အဖွဲ့တစ်ဖွဲ့က သူတို့နှင့် မလှမ်းမကမ်းကုန်းစောင်းနားမှာ သူတို့လိုပဲ မီးဖိုပြီးဝိုင်းဖွဲ့ထိုင်နေကြသည်။
ထိုအဖွဲ့မှာ စည်တော်ရွာမှဖြစ်ပြီး မနက်ဖြန်အတွက်ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်များကိုဆွမ်းကပ်မည့်အဖွဲ့ဖြစ်သည်။သူတို့က ဒီတောင်ပေါ် ဘုရားအတွက်ဆွေစဉ်မျိုးဆက် ရာသက်ပန်ဆွမ်းဒကာအဖြစ် ခံယူထားကြသူများဟုဆို၏။
လင်းအိမ်တို့ထမင်းဝိုင်းအလယ်ရှိ ဇလုံကြီးတစ်လုံးထဲတွင် ကြက်သားနှင့်ဘူးသီးကာလသားဟင်းကို အရည်ကျိုချက်ထားသည်။သရက်ချဉ်ကိုလည်း ကြက်သွန်နီများများနှင့်ဆီရွှဲအိုင်နေအောင်သုပ်ထားသည်မှာ စားချင့်စဖွယ်။အညာငရုတ်သီးထောင်းကတော့ မပါမဖြစ်ပင်။လောလောလတ်လတ်ချက်ထားသည့် ထမင်းပူပူနှင့်ဟင်းပူပူက ပြာသိုလ၏အေးမြသည့်ညချမ်းမှာ အနွေးဓာတ်ရစေသည်။
"ကမလေး ငါတို့ယူလာတဲ့ကြက်သားအိုးထဲက ကြက်သားတုံးသွားခပ်ချေ...သွား ဧည့်သည်ကိုထည့်ပေးရအောင်...."
"ဟုတ်အမေ...."
အိတုံ စားလက်စထမင်းပန်းကန်ကိုချ၍ လက်ဆေးပြီး ဇလုံအသေးနှင့်ဇွန်းတစ်ချောင်းယူ၍ အထုပ်တွေချထားသည့် အဆောက်အဦဆီထွက်ခဲ့သည်။ရွာမှာကတည်းက ကြက်သားအတုံးသီးသန့် တစ်ပိဿာချက်လာခဲ့သည်။ဒါက နှစ်တိုင်းချက်နေကျပင်။သူမတို့စားဖို့အတွက်တော့မဟုတ်။မနက်ဖြန် ဆွမ်းလောင်းပွဲနေ့မှာ အထူးဧည့်သည်များပါလာတတ်လျှင် ကျွေးမွေးဖို့ သီးသန့်ချက်လာခြင်းဖြစ်သည်။သူမ ကြက်သားပန်းကန်ယူလာပြီး အလိုက်သိစွာနှင့် ကိုကြီးပန်းကန်ထဲ ခပ်ထည့်ပေး၏။

ВЫ ЧИТАЕТЕ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Любовные романыဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...