အပိုင်း -၃၀
သူမောင်းသည့်ကားပေါ်တွင် အဘိုးတို့မိသားစုလိုက်ပါလာပြီး နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းများမှလည်း ကားတစ်စီးဖြင့် စည်တော်ရွာသို့လိုက်ပါလာခဲ့ကြသည်။ဝါကျွတ်ပြီးမှလက်ထပ်မည်ဟုပြောလာသည့်ချစ်သူလေးကို သူ့မှာလက်မထပ်ခင်ကြိုတင်ပြီးစေ့စပ်ခွင့်ရဖို့အတွက် နားပူနာဆာတိုက်ထားရ၏။နောက်ဆုံးမှာတော့ သူမျှော်လင့်ရသည့်နေ့ရောက်ခဲ့ပြီ။
သူ့ထက်စာလျှင် အဘိုးကပိုပျှော်နေပုံရသည်။တောင်းရမ်းသွားရောက်မည့်ရက်မတိုင်ခင်ကပင် အတက်ကြွဆုံးသူမှာ အဘိုးဖြစ်သည်။စတော်ဘယ်ရီခြံလက်ဖွဲ့ရမည်လား ငွေသားနှင့်တင်တောင်းပေးရမည်လားကို အဘိုးမှာပျာယာခတ်နေ၏။သူကတော့ ခပ်ပြုံးပြုံးပင်။သူ့ချစ်သူလေးပြောထားသည်မှာ သူမတို့ရွာဓလေ့အရ ခန်းဝင်ပစ္စည်း၊တင်တောင်းငွေမပါလျှင်တောင်မှ ဆွဲကြိုးတစ်ကုံးကိုတော့ ဖြစ်သည့်နည်းနှင့်တင်ရသည်ဟုဆို၏။ထို့ကြောင့် သူ့ဘက်ကကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပင်။
လူရှုပ်ရှုပ်၊လူစည်စည်ကိုမကြိုက်သော်လည်း သူမကိုတန်ဖိုးထားသောအားဖြင့် သူမတို့ရွာမှာ အစည်ကားဆုံး၊အခမ်းနားဆုံးမင်္ဂလာပွဲကို သူမတို့ဓလေ့အတိုင်းကျင်းပပေးမည်ဟု သူ ဆုံးဖြတ်ထားသည်။
နေ့လယ် ၁ နာရီခန့်မှာ ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြသည်။
"ဟော လာပြီ လာပြီ....."
ကိုကြီး၏ကားဖြူလေးကိုမြင်ချိန်မှာ တမျှော်မျှော်လုပ်နေသည့်အိတုံ ထိုင်နေရာမှထရပ်၏။သူမဘေးနားမှဘုတ်ကြီးကလည်း ရောယောင်ထရပ်သည်။
"ဟဲ့ လာပြီလား..."
"အေး...."
"ကမ ဣန္ဒြေလေးဘာလေးဆည်ဦး...."
"အေးပါဟယ် အမလေး ရင်တွေခုန်လိုက်တာ...အဟိ....."
အဖြူရောင်ချည်ထည်ဝမ်းဆက်နှင့်အလှကြီးလှနေသည့်သူငယ်ချင်းလေးကို ဘုတ်ကြီးငေးကြည့်နေသည်။ဆိုင်းမဆင့်ဘုံမဆင့် ယောက်ျားယူတော့မည်ဟုဆိုတော့ မယုံနိုင်စွာနှင့်အိတုံကျောကို တဘုန်းဘုန်းမြည်အောင်ထုခဲ့သေးသည်။ယခုတော့ လာရောက်တောင်းရမ်းမည့်နေ့တောင်ရောက်ခဲ့ပြီ။ငယ်စဉ်ကတည်းက လည်ပင်းဖက်ကြီးလာကြသည့် ငယ်သူငယ်ချင်းစစ်စစ်များဖြစ်ကြ၍ နှမြောလှသော်လည်း သတို့သားလောင်းမှာ ရွာတောင်ပေါ်ဘုရားပွဲကိုလိုက်လာသည့်ကိုကြီးလင်းအိမ်ဟုသိရသည့်အခါ မိန်းကလေးပီပီ အိတုံကိုအားကျစိတ်လေးဖြစ်ရသေးသည်။
YOU ARE READING
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...