အပိုင်း -၂၈
အိတုံ လက်ကသာအလုပ်လုပ်နေရသည်။စိတ်ကမပျော်။ရင်ထဲမှာ ကိုကြီးအထင်လွဲသွားပြီဆိုသည့်စိုးရိမ်စိတ်များသာ ကြီးစိုးနေ၏။ထပြန်လို့ကလည်းမဖြစ်နှင့် သူမအတွေးထဲ အလုပ်မြန်မြန်ပြီးပါစေဟုဆုတောင်းနေသည်။ဒီနေ့ကျမှ ဖိုးထူးကိုထရိုက်မိသည့်ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ကတိုရသည်။ကိုကြီးသာတကယ်ပြန်သွားလျှင် သူမဘယ်လိုဆက်လုပ်ရမည်မသိ။သူမကို အမှန်တကယ်အထင်လွဲပြီး မုန်းသွားမည်ဆိုလျှင်ရော သူမ ရင်ဆိုင်နိုင်ပါ့မလား။တွေးရင်းနှင့်အိတုံစိတ်တွေမွန်းကျပ်လာပြီး သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိသည်။ညနေ နေဝင်ရီတရောအရောက်မှာ အလုပ်အားလုံးလက်စသတ်ပြီးကြပြီ။အိတုံ ပြန်ဖို့ရန်အတွက်ထရပ်၏။
"ထမင်းစားပြီးမှပြန်လေ အိတုံ...."
"မစားတော့ဘူး အရီးရယ်...ကျုပ်တကယ်အလျင်လိုနေလို့....ပြန်ချင်နေတာ နေ့လယ်ကတည်းကပဲ...."
"နေမကောင်းဘူးလား ...."
မျက်နှာခပ်နွမ်းနွမ်းဖြစ်နေသည့်သူမကို ခင်နွယ်ကပါ ဝင်မေး၏။
"နည်းနည်း ငြီးစီစီဖြစ်နေလို့ပါ....နင်ထမင်းစားမှာဆိုစားနေခဲ့လေ...ငါ ပြန်နှင့်မယ်....."
"နင်တစ်ယောက်တည်း ဖြစ်ပါ့မလား...."
"ရပါတယ်...ရွာလယ်ခေါင်နဲ့တောင်ပိုင်း ဘာဝေးတာမှတ်လို့....."
"အေးအေး အဲဒါဆို ငါစားပြီးမှပဲပြန်ခဲ့မယ်...."
"သွားပြီနော်....."
အားလုံးကို အကြည့်နှင့်ဝေ့နှုတ်ဆက်ပြီး အိတုံ ကိုယ့်အိမ်ရှိရာတောင်ပိုင်းအရပ်ဆီ အပြေးလာခဲ့သည်။စိတ်ထဲမှလည်း ကိုကြီးပြန်သွားခဲ့လျှင် ဖုန်းနှင့်ရှင်းပြရမည့်စာများကိုပါ တစ်ခါတည်းစီလာ၏။
တလင်းဝိုင်းထဲအဝင်မှာ ကိုကြီး၏ကားအဖြူလေးကိုမြင်ရချိန် သူမရင်ထဲ ပြောမပြတတ်အောင် ဝမ်းသာသွားသည်။ခုမှစိတ်ဒုန်းဒုန်းချရပြီး တစ်နေကုန်တင်းထားရသည့်မျက်ရည်က ကျချင်ချင်ဖြစ်လာ၏။မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်း၍ အသက်ကို ဝ ဝ ရှူပြီးနောက်အိမ်ထဲဝင်ခဲ့သည်။
BẠN ĐANG ĐỌC
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Lãng mạnဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...