27(Uni/Zaw)

2.9K 138 24
                                    

အပိုင်း -၂၇

အိတုံ မနက်မိုးလင်းကတည်းက ရင်ခုန်စိတ်လှုပ်ရှားပြီး ဘာတစ်ခုမှမိမိရရမလုပ်နိုင်။ဟိုဟာလွတ်ကျ ဒီဟာလွတ်ကျဖြစ်နေသည်။ကြာတော့ အမေကသူမကိုမျက်စိနောက်ပြီး ဆူပါတော့သည်။ဆူလည်း ဆူချင်စရာပင်။ချစ်သူလာမည်ဆိုတာနှင့်ကို သူမမှာ တွေးတွေးပြီးရင်တဖိုဖိုရှိရ၏။ကိုကြီးနှင့်ချစ်သူဖြစ်ကတည်းက တစ်ခါမှမတွေ့ရသေးပေ။သတိရတိုင်းဖုန်းဖြင့်သာဆက်သွယ်လျက် ချွဲနွဲ့ရသည်။ဒီနေ့ ကိုကိုကြီးနှင့် သူမ၏ချစ်သူကိုကြီးတို့ လာကြမည်။ဒီရက်ကို လွန်ခဲ့သည့်တစ်လလောက်ကတည်းက အိတုံမှာမျှော်နေရသည်မဟုတ်လား။ကိုကြီးလည်း မျှော်နေမည်ထင်ပါရဲ့။သို့သော် လာစရာအကြောင်းပြချက်က မယ်မယ်ရရမရှိလှ၍ ကိုကိုကြီးကိုမရအရ မျက်နှာပူပူနှင့်အပူကပ်ရသည်ဟု ကိုကြီးကဖုန်းထဲမှာပြောထားခဲ့သည်။

ဖိန်းနွှဲခါဆိုလျှင် ကိုမောင်လေးပုတို့အလှူရောက်ပြီ။စည်တော်ရွာ၏နောက်ဆုံးပိတ်အလှူလည်းဖြစ်သည်။ချစ်သူလာမည်ဖြစ်၍
မနေ့ကတည်းက မလှိုင်ဈေးကို အိတုံကိုယ်တိုင် ဆိုင်ကယ်နှင့်သွားပြီး လိုအပ်သည့်စားသောက်ကုန်များကို ခြင်းအပြည့်ဝယ်ခြမ်းလာ၏။ဒီတစ်ခေါက်သူလာခြင်းက ကိုယ့်ချစ်သူအဖြစ်ပီပီပြင်ပြင်ရောက်လာခြင်းဖြစ်၍ အရင်အခေါက်များလို ပစ်စလက်ခတ်မဖြစ်စေရန် ဖွယ်ဖွယ်ရာရာချက်ပြုတ်ရမည်။‌

အိတုံ မီးဖိုတဲထဲမှာ ချွေးတလုံးလုံးနှင့်မမောနိုင်မပန်းနိုင်ချက်ပြုတ်နေသည်။အားလုံးပြီးစီးသွားချိန်မှာတော့ရေမိုးချိုးပြီး မှန်ရှေ့အကျအနထိုင်၏။မကြာသေးခင်ကမှ ကိုကြီးကမက်ဆေ့ပို့ထားသည်။မလှိုင်ရောက်ပြီတဲ့လေ။သူမ သွက်သွက်လက်လက်အလှပြင်မှဖြစ်မည်။

မှန်ထဲမှာ သူမ၏ဝိုင်းစက်စက်မျက်နှာလေးကပေါ်နေသည်။မျက်တောင်လေးများကကော့သလောက် မျက်ခုံးကအနည်းငယ်ထူချင်သည်။သို့သော် အိတုံက သူမမျက်နှာပေါ်ရှိအစိတ်အပိုင်းအားလုံးတွင် ဘယ်အပိုင်းကကြည့်မကောင်းဘူးလဲဆိုတာကို သိသည့်အတွက် မျက်ခုံးမွေးကိုအမြဲလိုလိုရိတ်သည်။သူမနှာတံမှာကိုကြီးနှာတံလောက်မစင်းသော်လည်း ရုပ်ဆိုးသည့် အထဲတွင်မပါ။အိတုံမျက်နှာ၏အစိတ်အပိုင်းအားလုံးတွင် အလှဆုံးနေရာမှာနှုတ်ခမ်းဖြစ်သည်။မပြဲလွန်း၊မကျဲလွန်းသည့် သူမနှုတ်ခမ်းသားများမှာဖူးလုံးနေပြီး စေ့ပိတ်ထားလျှင်လှသလို ရယ်လျှင်လည်း ကကြီးပုံသဏ္ဍာန်ပေါ်သွားသည်။

တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete Tempat cerita menjadi hidup. Temukan sekarang