"အိပ်ပုတ်လေးရေ ထမယ် ထမယ်။ကျောင်းသွားရမယ်လေ။"
ရဲသွေး သည် အိပ်နေဆဲဖြစ်သည့်ညီလေးအား တင်ပါးကိုပုတ်၍နှိုးလိုက်လျှင် ချက်ချင်း မျက်ဝန်းတွေကပွင့်လာ၏။တစ်ဖက်ကိုစောင်းပြီး အိပ်နေခြင်းဖြစ်၍ ရဲသွေးဘက်ကိုလှည့်ကြည့်လာလျှင် အိပ်ရာမထချင်ဖြစ်နေသည့် မျက်နှာလေးက အသည်းယားစရာ။ကောက်ချီပစ်လိုက်တော့ လည်ပင်းကိုဖက်တွယ်လာသည်။
ညက "ကိုကိုနဲ့အိပ်မယ်" ဟုဆိုကာ ရဲသွေးဆီလာရင်း မေမေတို့အခန်းကို မပြန်တော့တာဖြစ်သည်။ညီလေးက တစ်ခါတလေ သူစိတ်ကူးပေါက်လျှင်ပေါက်သလို ရဲသွေးနှင့်လာအိပ်တတ်သည်။
သူ မအိပ်ခင် ဇာတ်လမ်းတစ်ပုဒ် သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အမြဲပြောပြရ၏။ထို့နောက် သူမေးသည့် စစ်စစ်ပေါက်ပေါက် မေးခွန်းများကိုလည်း မရမက အဖြေပြန်ပေးရသေးသည်။ရဲသွေး ညီလေးကိုချီထားရင်း bathroom ထဲသို့ဝင်လိုက်သည်။ထို့နောက် ညီလေးကို တစ်ကိုယ်ရည်သန့်ရှင်းသွားရန်
ပြုလုပ်ပေးလိုက်၏။ရဲသွေးကတော့ စောစောထ၍ ရေပါချိုးပစ်လိုက်ပြီဖြစ်သောကြောင့် ကျောင်းသွားရန်အတွက်မှာ အဝတ်အစား လဲဝတ်လိုက်ရုံပင်။ရဲသွေးနှင့်ညီလေး လက်ချင်းယှက်ထားလျက်ဖြင့် အောက်ထပ်သို့ဆင်းလာလိုက်ပြီး ထမင်းစားခန်းထဲသို့ဝင်လိုက်ကြသည်။
ထိုအခါ အဆင်သင့်စောင့်နေပေးသည့် အန်တီမြကိုတွေ့၏။"လာ လာ သားတို့။အန်တီမြ အားလုံးပြင်ပြီးပြီ။"
"မေမေတို့ ဆေးရုံသွားကြပြီလား အန်တီမြ။"
"ဟုတ်တယ် သား သွားကြပြီ။ကိုကြီးတော့ မသွားသေးဘူး။"
ရဲသွေး ခေါင်းညိတ်ပြလိုက်ပြီး နံနက်စာစားရန် ဟန်ပြင်လိုက်တော့သည်။ကိုယ်တိုင်လည်းစား ညီလေးကိုလည်းခွံ့ရင်း ခပ်သွက်သွက် လုပ်ရ၏။ကျောင်းတက်ချိန်က နီးနေပြီဖြစ်သည်။
ညီလေးက ကလေးပီပီ အအိပ်လည်းမက်သည်မို့ အစောကြီးလည်းမနှိုးရက်။ထို့ကြောင့် ကျောင်းတက်ချိန်နှင့်ချိန်၍ ညီလေးကိုနှိုးရသည်။"ဟာ ညီလေးတို့တောင်ရောက်နေကြပြီ။ရွှတ်..."
ထမင်းစားခန်းအတွင်းသို့ ကိုကြီးကလည်းရောက်လာလျှင် ထိုစကားကိုပြောရင်း ညီလေးကိုနမ်းလိုက်၏။
YOU ARE READING
Expensive Millionaire [Ongoing]
Romantizm[Own Characters & Own Creation] [BL Story] [Drama & Romance] [20.5.2024] ➡️ Credit to owner for the cover photo.