မနက် မောင်ထတော့ ခေါင်းကသိပ်မကြည်ချင်။ ညက သူလည်းများသွားသည်လေ။ မျက်လုံးဖွင့်တော့ ဘေးက ဖူးဖူးက ဝမ်းလျားလေးမှောက်ကာ သူ့မာမီကို ပြုံးပြုံးကြီးကြည့်လျက်။ မောင်လည်း အူယားစွာဖြင့် ဖူးဖူးကို သူ့ဗိုက်ပေါ်တွင် တင်ကာ နမ်းနေလေသည်။
အန်တီက ရေချိုးခန်းထဲမှ ရေချိုးပြီးထွက်လာပြီးမောင့်ကိုတွေ့တော့ ပြုံးပြလေသည်။ မောင်ကတော့ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်လေသည်။ ညကသူလစ်မစ်ကျော်ထားသည်လည်း သူ့ကိုယ်သူသိလေသည်။ အန်တီက စိတ်မဆိုးဘဲ ပြုံးတောင်ပြနေသည်ဆိုသည်က အခြေအနေမဟန်တော့ချေ။
အန်တီ အဝတ်အစားလဲ မိတ်ကပ်များလိမ်းပြီးနောက် ဖူးဖူးကို ချီသွားလေသည်။ ဖူးဖူးကို အောက်ထပ်တွင် ဒေါ်မြင့်တို့နှင့်ထားပြီးနောက် အပေါ်ပြန်တက်လာပြီး တံခါးကို လော့ချလိုက်လေသည်။ ထိုအချိန်ထိ ကုတင်ပေါ်တွင် မောင်ရှိနေဆဲ။ အန်တီက လက်ထဲတွင် သန့်ရှင်းရေးလုပ်သည့် ကြက်မွေးတုတ်ကို ကုတင်ပေါ် ပစ်ချလိုက်သည်။
မောင်လည်း ချက်ချင်းပင် ကုတင်ပေါ်၌ ဒူးထောက်ကာ
" မောင် မနေ့က ၂ပုလင်းပဲကျော်သွားတာပါ...နောက်မဖြစ်စေရပါဘူး"
" ဟိုတစ်ခါကလည်း အဲလိုနဲ့ ၃ပုလင်းကျော်တယ်လေ သူများခြံတံခါးကိုလည်းဝင်တိုက်ခဲ့တာ မမှတ်မိဘူးလား အဲတုန်းကလည်း နောက်တစ်ခါ မဖြစ်စေရဘူးဆို...အဲတုန်းကပြောခဲ့တဲ့ကတိမှတ်မိလား"
မောင်က ခေါင်းယမ်းပြသည်။
" တစ်ပုလင်းကျော်ရင် တစ်ချက်ရိုက်ပါတဲ့...အခု နှစ်ချက်ရိုက်ရတော့မှာပေါ့နော်"
" ရိုက်ရက်တယ်ဆိုလည်းရိုက်ပါ..."
မောင်က ကုတင်ပေါ်က ဆင်းလာကာ ဘောင်းဘီကို ခြေသလုံးထိရောက်အောင် ဆွဲတင်ပေးလိုက်သည်။
အန်တီလည်း မရိုက်ချင်ဘဲရိုက်ရလေသည်။ ပြောထားတဲ့စကားအတိုင်းရိုက်မှဖြစ်မည်လေ။ မရိုက်ရင် နောက်ကျ ပိုဆိုးလာပေတော့မည်။အန်တီလည်း ခြေသလုံးကို ကြက်မွေးတုတ်ဖြင့် ခပ်နာနာလေး နှစ်ချက်ဆင့်ရိုက်သည်။ မောင်က ရိုက်ပြီးသည်နှင့် ကြမ်းပြင်ပေါ်ထိုင်ချကာ ခြေသလုံးကိုပွတ်တော့သည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။