တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ဟယ်ချန်းက လက်ဖဝါးကနေ ချွေးစေးတွေ စိမ့်ထွက်တဲ့အထိ ကြောက်နေရသည်။ အဲကွန်းဖွင့်ထားပေးပေမဲ့ ဟယ်ချန်းက နားထင်ကနေ ချွေးစေးတွေ စီးကျလာတတ်လို့ ပခုံးစွန်းနဲ့ အကြိမ်ကြိမ် ဖိသုတ်နေမိ၏။ သူ့ရှေ့တည့်တည့်တွင်တော့ ဂျဲနိုရဲ့မေမေက ဘာစကားမှမပြောဘဲ ထိုင်နေခဲ့တာပင်။
အရင်ကတည်းကတောင် ဂျဲနိုရဲ့မေမေကို တရားသူကြီးဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ရှိန်ခဲ့ကြောက်ခဲ့ရသူမို့ အခုလိုအခြေအနေမှာတော့ နေစရာမရှိအောင် ကြောက်လန့်နေရတော့တာပါပဲ။ ဒါတောင် ဒီအခန်းထဲကို ရောက်နေတဲ့ နာရီဝက်အတွင်း ဂျဲနိုရဲ့မေမေက ဘာစကားမှပြောသေးတာမဟုတ်၊ မေးသေးတာမဟုတ်။ တကယ်လို့သာ တစ်ခုခုမေးလာခဲ့ရင်လည်း ဟယ်ချန်းက လိမ်ပြောဖို့ မဆိုထားနဲ့ဦး၊ လိမ်ဖို့အတွေးတောင် မတွေးရဲဘဲနဲ့ အကုန်လုံးကို ပြီးခဲ့တဲ့ နှစ်ရက်ကလိုမျိုး ဝန်ခံလိုက်မိတော့မှာ...။
"ဟယ်ချန်း... ဂျဲနို ဘယ်မှာလဲ"
ဟယ်ချန်း အေးစက်နေတဲ့ လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားမိရင်း ခေါင်းခါပြလိုက်မိသည်။ တကယ်ကိုပဲ သူ ဂျဲနိုတို့ ဘယ်မှာရှိနေလဲဆိုတာ မသိတာပါ။ ခရီးသွားမယ်ဆိုပြီးပြောတာကိုတောင် သူက စနောက်နေတယ် ထင်ခဲ့သေးတာလေ။ မနက်လင်းလို့ ဘေးကအိပ်ယာတွေမှာ ဗလာဖြစ်နေတာတောင် ဂျဲနိုနဲ့ဂျယ်မင်း ခရီးထွက်သွားတယ်လို့မထင်ဘဲ ဒီတိုင်း မနက်စာ သွားစားတာဖြစ်ဖြစ်၊ ဂျယ်မင်းက အိမ်ပြန်တာကို ဂျဲနိုက လိုက်ပို့တာဖြစ်ဖြစ်လို့တွေးထားခဲ့တာ။
ဒါပေမဲ့ ညနေစောင်းအထိ အိမ်ပြန်မလာသေးလို့ဆိုပြီး ဟယ်ချန်းတို့အိမ်ကို ဂျဲနိုမေမေရောက်လာတော့မှ ဂျဲနိုတို့နှစ်ယောက် ခရီးထွက်သွားမှန်း သိလိုက်ရတာပင်။ အစတုန်းကတော့ ဒီတိုင်း နှစ်ယောက်တည်း အပျော်ခရီးထွက်သွားကြတယ်လို့ထင်ခဲ့သေးပေမဲ့... "အိမ်ကနေ ထွက်သွားတာ" ဆိုတဲ့ ဂျဲနိုမေမေရဲ့စကားကြောင့် ဟယ်ချန်းက ရေတွင်းထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရတာလေ။ အိမ်ကနေ ထွက်သွားဖို့ဆိုတာက တော်ရုံတန်ရုံ စကားများတာလောက်နဲ့ ထွက်သွားဖို့မှ မလိုဘဲနဲ့။ အကြီးအကျယ်စကားများဖို့ဆိုတာကလည်း တွန်းအားတစ်ခုခုရှိနေမှလေ။
YOU ARE READING
tbh [Complete]
FanfictionNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........