(Unicode)
လမ်းမီးတို့၏ အလင်းရောင်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ပြန့်ကျဲလျက်ရှိသည်။ အမှောင်ထုကို မှိန်ပြပြမီးရောင်တို့ဖြင့် အံမတုနိုင်ချေ။ ကျယ်ပြန့်သော လမ်းမကြီးကလည်း ည၏အမှောင်နှင့်အတူ ခြောက်ကပ်စွာ တိတ်ဆိတ်ငြိမ်သက်နေသည်။
"... တစ်ယောက်မှ... မရှိ... ကြဘူး...လား...."
စကားသံလေးတစ်ခွန်းထွက်ရန်အတွက် ရှိသမျှ အားအင်တို့ကို အကုန်သုံးလိုက်ရသလိုပင်။ ကြေမွနေသော ကားမှန်မှတစ်ဆင့် မြင်ရသော မြင်ကွင်းမှာလည်း မီးအလင်း မတိုးနိုင်သည့် အမှောင်သာ..။ အသည်းခိုက်အောင် နာကျင်နေသည့် ဒဏ်ရာများက တစ်ကိုယ်လုံးတွင် အပြည့်။ဤသို့ လူပြတ်လပ်ပုံနှင့် ကူမည့်သူကို စောင့်နေလျှင် သွေးထွက်လွန်တော့မည်မှာ ကျိန်းသေနေပြီ။ ကားမှ ဓာတ်ဆီများ ယိုစိမ့်မလာခင် အသက်ရှင်နိုင်အောင်ကြိုးစားရမည်။
ဇောက်ထိုးမိုးမျှော်ဖြစ်နေသော ကား၏ လက်တစ်ကမ်းသာသာအကွာ မြေပြင်ပေါ်၌ မီးလင်းနေသော ဖုန်းအား လက်လှမ်းရန် အားပြုလိုက်သည်။ မှန်ကွဲစများ စိုက်လျက်ရှိသော သွေးများဖြင့် စီးကပ်နေသည့် ဘယ်ဘက်လက်အား နာကျင်နေသည့်ကြားမှပင် အတတ်နိုင်ဆုံး ဖုန်းဆီ ဆန့်ထုတ်လိုက်ကာ မှီလုမှီခင် အနေအထားသို့ ရောက်နေစဉ်...
......... ရှပ်........ ရှပ်....... ရှပ်.......
ခြေသံ...? အကူအညီပေးမည့်သူလား အန္တရာယ်ပြုမည့်သူလား ဝေခွဲမရသည့်အခြေအနေ...။ သွေးများယိုစီးနေသည့်အရှိန်ကြောင့် ခေါင်းသည်ပင် မိုက်ခနဲ ဖြစ်သွားသည်။လက်တစ်ကမ်းတွင် ရှိနေသော ဖုန်းအား ရုတ်တရက် ဆွဲယူသွားသည့် လက်အိတ်အနက်ရောင်နှင့်အတူ တစ်ကိုယ်လုံး အမည်းရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက်။
"ကျွတ်စ်... မသေသေးဘူးဟ..."
ကြားလိုက်ရသည့် စကားသံကြောင့် မျှော်လင့်ချက်တို့ ကင်းမဲ့သွားခဲ့လေပြီ။ အလိုလိုလျှံတက်လာသော မျက်ရည်တို့ကြောင့် အမြင်အာရုံတို့မှာ ဝေဝါးလျက်။ ဒီအတိုင်း အကုန်လုံးကို စွန့်ခွာထားခဲ့ရတော့မှာလား..။
"မင်းဖုန်းက ဒီထက်ဝေးဝေး လွင့်သွားရမှာ တကယ်ဆို"