say I love you when you're not listening
တဖြောက်ဖြောက် ကျနေသော မိုးစက်သံများက တည်ငြိမ်နေသည့် စိတ်ကို ဂနာမငြိမ် ဖြစ်စေသည် ။လူ တော်တော်များများက မိုးစက်တွေကို နှစ်သက်ကြပေမယ့် သူကတော့ မုန်းသည်။ ဘာကြောင့်များ လူတွေက စိတ်ပျက်စရာကောင်းသည့် မိုးကို သဘောကျကြလဲလို့ တွေးသည့်အခါတိုင်း သူ့ခေါင်းက ပိုပို ကိုက်လာရတော့သည် ။
"ဂျောင်းဂု အော်ဒါ ပို့ရမယ့် ပန်းတွေ ပြင်လို့ပြီးပြီလား"
"ဟုတ်ကဲ့ ခုံပေါ်မှာ တင်ထားပါတယ်"
မန်နေဂျာအစ်မ၏ အမေးကို ဂျောင်းဂု ပြန်ဖြေလိုက်သော်လည်း သူ့မျက်လုံးများမှာတော့ စည်းလက်စ ပန်းစည်းကိုသာ ကြည့်နေ၏ ။
"ဂျောင်းဂုက တကယ်တော်တာပဲ ဝယ်သူတွေ မင်းပြင်ပေးတဲ့ပန်းစည်းကိုပဲ လိုချင်တာ မပြောနဲ့"
စိတ်ထဲကမပါသော စကားများပြောနေသည့် ထိုအစ်မကို သူ့ရှေ့က အမြန်ထွက်သွားလို့ ထပြောချင်လာသည်။ ကိုယ့်ဘက်ကိုယ် ကြည့်ကြသော လူစားတွေထဲမှာ အခု သူ့ကို စကားပြောနေသည့် ဂိုဒါရီဆိုတဲ့ မိန်းမက အဆိုးဆုံးပဲ ။
"စိတ်တော့မရှိပါနဲ့ မောင်လေးရယ် အစ်မမှာ ကိစ္စရှိနေလို့
အခက်အခဲ မဖြစ်ဘူးဆို ဒီပန်းစည်းလေးတွေ သွားပို့ပေးပါလား"ဂျောင်းဂု နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးနေအောင် ပြုံးလိုက်မိသည် ။
ဖြူစင်သော မျက်နှာလေးနှင့် လူတိုင်းကို ကူညီပေးပါ ပြောနေသည့် ထိုမိန်းမသည် သူ့မျက်လုံးထဲတွင် ညကလပ်တွေမှ မိန်းမများနှင့် ကွာခြားခြင်းမရှိပေ။ ရှင်းရှင်းပြောရလျှင် ထိုမိန်းမတွေကတောင် သူ့ထက် ပိုသာနေဦးမယ် ။ အနည်းဆုံးတော့ သိုးရေခြုံထားတဲ့ ဝံပုလွေလို ကျွန်မက ဖြူစင်ပါတယ်လို့ ထိုင် မအော်ကြဘူးလေ ။
"ဒါ အစ်မ တာဝန်ယူထားတဲ့ ကိစ္စမို့လို့ ကျွန်တော် ဝင်ပါဖို့ မလိုဘူး ထင်ပါတယ်"
ဂိုဒါရီ မျက်နှာအမူအရာ ပျက်ယွင်းသွားသော်လည်း ချက်ချင်း ဘာမှမဖြစ်သလို ပြင်ဆင်လိုက်သည် ။