I want to kiss you before the sun goes down
ယနေ့ညနေအမှီ ခန်းမကို အပြီးသတ် ပြင်ဆင်ရမည် ဖြစ်သည့်အတွက် ဂျောင်းဂုသည် ပစ္စည်းယူရန် မာဖိုသို့ သွားလိုက်သည်။ ပရိဘောဂဆိုင် ရောက်သောအခါ ဆိုင်တံခါးပိတ်ထားသောကြောင့် ဂျောင်းဂုသည် ခြံထဲကိုသာ တန်းဝင်သွားလိုက်၏။ မင်ယွန်းဂီသည် ဆိုင်ထဲ၌ မရှိလျှင် ခြံထဲမှ အိမ်လေးတွင် ရှိနေလိမ့်မည်။
ဤခြံထဲ၌ အပြင်ထက် ပိုပြီးအအေးဓာတ် သိပ်သည်းနေသည်ကို ဂျောင်းဂု အရင်တစ်ခေါက် ရောက်ကတည်းက သတိထားမိသည်။ ဤနေရာ၌ နွေးထွေးသော နေရောင်ခြည်ကို မရရှိဘဲ နှင်းကျနေသလို အေးစိမ့်သည့် ခံစားမှုမျိုးက ပိုစိုးမိုးနေ၏။
ဂျောင်းဂုသည် ဖြည်းညင်းစွာ လျှောက်လာရင်း မလှမ်းမကမ်း၌ စံကားဖြူပင်အား တွေ့သည့်အခါ ရပ်တန့်လိုက်မိသည်။ စံကားဖြူပန်းပင်အောက်၌ အဖြူရောင်ပန်းပွင့်များ ဝေနေသော မြင်ကွင်းမှာ သူ့ရင်ကို လှုပ်ခတ်သွားစေသည်။ ဂျောင်းဂု၏ နှလုံးခုန်သံများ ပြင်းရှလာပြီး ထိုလှပသည့်ပန်းပွင့်တွေထက်သို့ သူ့တစ်ကိုယ်လုံး လှဲချပစ်လိုက်ချင်လိုက်သည့်စိတ်မှာ ထိန်းချုပ်မရတော့ပေ။
တိတ်ဆိတ်သော လေထုအောက်၌ ဂျောင်းဂုသည် စံကားဖြူပင်သို့ သွားလိုက်သည်။ ထို့နောက် သိမ်မွေ့စွာ ကြွေလွင့်နေသော ပန်းဖြူများထက်သို့ လှဲချလိုက်ကာ နူးညံ့သော ပန်းပွင့်လေးများ၏ အထိအတွေ့ကို ခံစားနေမိ၏။ စံကားဖြူပန်း၏ မွှေးပျံ့သောရနံ့သည် စိတ်ကိုလန်းဆန်းစေပြီး တစ်ကမ္ဘာလုံးကို အပိုင်ရလိုက်သည့် စိတ်ခံစားမှုလိုမျိုးဖြစ်သည်။
အပင်တစ်ပင်ပေါ်မှာ သူ့အလှအရောင်အဝါတွေကို အလှပဆုံး ပြသနေရမည့် ပန်းတစ်ပွင့်ဟာ တစ်စုံတစ်ယောက်၏ လက်ထဲ၌ မှေးမှိန်သွားမည်ကို မလိုလားပါ။ အလှပဆုံး အခိုက်အတန့်ဟူသည် သူ့နေရာနှင့်သူ တည်ရှိနေပြီး သူ၏ မူလနေရာ၌ အစွမ်းကုန် တောက်ပခြင်းမျိုးကို ဆိုလို၏။
လှပစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်အား အပင်မှ ခူးယူလိုက်မည့်အစား ၎င်းပန်းကလေးကို တစိမ့်စိမ့် စောင့်ကြည့်နေရသည့် ခံစားမှုမျိုးကို ဂျောင်းဂု ပို၍ နှစ်သက်သည်။
