တဆစ်ဆစ် ထိုးကိုက်နေသော ဦးခေါင်း၊ မှုန်ဝါးဝါး မျက်လုံးများနှင့် အတူနိုးထပြီး ပထမဆုံးသိခဲ့ရတာက နူးညံ့နေသော အထိအတွေ့နှင့် အဖြူရောင်ခုတင် ..
ပြီးနောက် ဖျော့တော့စွာ ကျရောက်နေသော နေရောင် ။ဘေးတွင် လွင့်ဝဲနေသော အဖြူရောင်လိုက်ကာနှင့် ပြတင်းဘောင် ဘေးမှ ရှားစောင်းပင်တစ်ပင် ။ ပြီးတော့…ပြီးတော့…
ဖွေးဖြူသော နို့တစ်ခွက်ထဲ ချောကလက်ရောထားသလို ဝင်းမွတ်လှပသော အသားရည်နှင့် လူတစ်ယောက် ။နှာတံဖျားကမှဲ့ ၊ ကွေးညွတ်နေသော မျက်တောင်ရှည်များနှင့် အစပြုသော မနက်ခင်း၏ လှပခြင်းများ ။
အဝတ်မဲ့နေသော ခန္ဓာနှစ်ခုနှင့်အတူ အဖြေမဲ့ ရောက်ရှိလာသော မေးခွန်းတွေ …
ဘာတစ်ခုမှသတိမရဘူး၊ သူကဘယ်သူလဲ။
"ခင်ဗျားကဘယ်သူလဲ"
"ကိုယ့်ကို မမှတ်မိဘူးလား"
ဂျောင်းဂု၏ အရှေ့တွင် အဝတ်မဲ့နေသော ယောကျ်ားတစ်ယောက် ရှိနေကာ သူ့ကိုယ်တွင်လည်း အဝတ်မဲ့နေလျက် ဘေးပတ်လည် ဖန်တီးနေသော အခြေအနေက အဖြူရောင်အခန်းနှင့် မနက်ဆည်းဆာအချိန် ။
အိပ်ရာထခါစမို့ ရှုပ်ပွနေသော အညိုရောင်ဆံပင်တွေ ၊ မျက်တောင်ရှည်တွေနှင့် ကာရံထားသော အစိမ်းနုရောင်မျက်ဝန်းများ… နောက်ပြီး အဲ့ဒီ မျက်ဝန်းရဲ့ နယ်နိမိတ်ပေါ်က မှဲ့နက်။
ထိုအရာတွေက ဂျောင်းဂုရှေ့မှ လူမှာ မည်သူနည်းဟူသော မေးခွန်း၏ အဖြေကို ပေးကြားနေ၏။ ဂျောင်းဂု စိတ်ရှုပ်ထွေးစွာ သူ့အရှေ့မှ လူကို အမှတ်တမဲ့ စိုက်ကြည့်မိသည်။
သူနဲ့ ဒီလူ မနေ့ညက တစ်ခုခု ဖြစ်ခဲ့တာလား ။
"ခင်ဗျားက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
"ကြည့်ရတာတော့ မင်း မမှတ်မိဘူးပဲ"
ဂျောင်းဂု မျက်ခုံးကြားမှ အလယ်မှတ်ကို ဖိကျုံလိုက်ပြီး ထယ်ဟျောင်းကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
"ရှည်ရှည်ဝေးဝေး ပြောမနေနဲ့၊ မနေ့ညက ဘာဖြစ်ခဲ့ကြလဲ"
ထိုလူမှာ သူမေးနေသည့် စကားကို ဂရုမစိုက်ဘဲ ခုတင်စောင်းကို မှီ၍ အေးအေးဆေးဆေး ကြယ်သီးတပ်နေ၏။ ဂျောင်းဂု စိတ်တိုလာသောကြောင့် အော်လိုက်မိသည်။
