i feel like it's destiny to have you right here next to me
နေ့ရက်များသည် တစ်သမတ်တည်းသာ သွားနေ၍ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေ။ အလုပ်တွင်လည်း အဆင်ပြေပြီး ထယ်ဟျောင်းနှင့် သူ၏ ဆက်ဆံရေးမှာ အဆင်ပြေသည်ဟုပင် ပြောရလိမ့်မည်။ သူတို့နှစ်ဦးကြားမှ အခြေအနေ အဆင့် တက်မလာရခြင်းမှာ ထယ်ဟျောင်းသည် ဂျောင်းဂုအား ကိုယ်ပိုင်နေရာဖယ်ပေးထားခြင်းကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ထယ်ဟျောင်းသည် ဂျောင်းဂုကို အနေရခက်အောင် မလုပ်ဘဲ အကဲမပိုသော ဂရုစိုက်မှုများဖြင့် ဖေးမပေးခြင်းမျိုးဖြစ်လေသည်။
ထယ်ဟျောင်းသည် အပြင်ပန်းမှ ဂရုမစိုက်၍ ပေါ့သေးသေး လုပ်တတ်သောပုံစံမျိုးဖြစ်သော်လည်း အမှန်တကယ်တွင် ဂျောင်းဂု ပြောခဲ့သော စကားတစ်ခွန်းအား ဂရုထားပေးသည်။ ဂျောင်းဂု စတင်တွေ့ခဲ့ရသော အချိန်များမှ ထိုသူ၏ပုံစံသည် အေးစက်၍ ပရောပရည်လုပ်တတ်သောသူမျိုးပင်၊ သို့ရာတွင် သေချာသိလာရသည့်အခါ ထယ်ဟျောင်းမှာ လူတိုင်းကို ရင်းနှီးဖော်မွန်နေခြင်းမဟုတ်ဘဲ ဂျောင်းဂုကိုသာလျှင် ပုံမှန်ထက် ပိုလွန်းသည့် ချစ်စကား၊ကြိုက်စကားများ ပြောနေခြင်းဖြစ်၏။ ထို့အတူ ထိုသူသည် နွေဦးမှ ချယ်ရီလိုပင် နွေးထွေးသူတစ်ဦး ဖြစ်သည်။
ဂျောင်းဂုမှ အချိန်လိုအပ်သည်ဟု ပြောခဲ့ပြီးနောက် ထယ်ဟျောင်းဘက်မှ ပုံမှန်ထက်ပိုသည့်စကားများကို မပြောတော့သော်လည်း အပြုအမူပိုင်းတွင်တော့ ဂျောင်းဂု လိုသမျှအား သေချာ ကြည့်ရှု၍ ဂရုစိုက်ပေးနေတုန်းပါပင်။ ဂျောင်းဂုအတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်ရလေအောင် စကားအသွားအလာနှင့် အပြုအမူများကိုလည်း သတိထားလာသည်။
......
ဂျောင်းဂု နိုးထလာသည့်အခါ သူ့မျက်လုံးထက်မှ ပူလောင်မှုကို ခံစားလိုက်ရပြီး ၎င်းကို သည်းခံကာ အိပ်ရာဘေးမှ ရေဘူးကို ယူသောက်လိုက်သည်။ ခြောက်ကပ်နေသော လည်ချောင်းအတွင်း ရေတချို့ စီးဆင်းသွားသည့်အခါ အနည်းငယ် နေလို့သက်သာသွား၏။ ထို့နောက် လေပူတချို့ကိုမှုတ်ထုတ်လိုက်၍ နဖူးပေါ် အပူစမ်းကြည့်လိုက်သည်။ အပူရှိန်မှာ သူ့လက်ဖဝါးများအား တိုက်စားသွားတော့မလိုပင်။