nowhere over we're still not over pull me closer i need closure
ဂျောင်းဂုသည် ထယ်ဟျောင်းလက်များ လွတ်ထွက်သွားမည်ကို စိုးရိမ်သည့်အလား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ဂျောင်းဂု၏ ထိတ်လန့်တုန်လှုပ်မှုမှာ မပျောက်သွားသေးပေ။ ထယ်ဟျောင်းမှာ ဂျောင်းဂု စိတ်ငြိမ်သွားအောင် ကြိုးစားနေသော်လည်း ဂျောင်းဂုကိုယ်တိုင် ထိုမြင်ကွင်းကို ကျော်ဖြတ်ရမည့်အတွက် သူလည်း ရေရေရာရာ မကြိုးစားပေးနိုင်ပေ။ ဂျောင်းဂုသည် ထယ်ဟျောင်း၏လက်ကို ပို၍ တင်းကျပ်အောင် ဆုပ်ကိုင်လိုက်ကာ စိတ်ကိုထိန်းချုပ်ရင်း အခြေအနေကို နားလည်အောင် ကြိုးစားနေမိ၏။
ယနေ့ည မင်္ဂလာပွဲ၏ သတို့သမီးသည် ယခုကဲ့သို့သော ရုန်းရင်းဆန်ခတ် အခြေအနေတွင် သေဆုံးသွားသည်။ မီးအမှောင်မှာ ငါးစက္ကန့်စာသာ ပြတ်တောက်သွားသော်လည်း ထိုအချိန်အပိုင်းအခြားတွင် သတို့သမီးသည် သွေးအိုင်ထဲ လဲကျနေခဲ့ပြီပင်။
"မင်း…မင်းကြောင့် ဒါမင်းကြောင့် မင်းကြောင့် ငါတို့ ဝူရီ…ဒီလိုဖြစ်သွားတာ မင်းကြောင့်…လူတွေအကုန်လုံး မင်းဆီ အာရုံရောက်နေတဲ့အချိန် ဝူရီကို…ဝူရီကိုသတ်လိုက်တာ မင်း…"
သတို့သားသည် တုန်လှုပ်ချောက်ချားစွာ တရမန်းကြမ်း ပြေးလာပြီး ဂျောင်းဂု အင်္ကျီကော်လာကို ဆွဲဆုပ်လိုက်သည်။ ဂျောင်းဂုသည် ထိုလူကို ကြောင်အစွာ ကြည့်ရင်း စကားမဲ့နေ၏။ ထိုလူ ပြောသည့်စကားများသည် သူ့ခေါင်းထဲတွင် ဝဲဝဲလည်နေပြီး ထိုအရာများမှ သူ ရှောင်မထွက်နိုင်တော့ပေ။
ပြောတာမှန်တယ်…တကယ်လို့ သူသာ လူတွေအားလုံးရဲ့ အာရုံကို မယူထားခဲ့ရင် တစ်စုံတစ်ယောက်ကတော့ သတိထားမိပြီး ဒီအဖြစ်အပျက်ကြီးကို တားဆီးနိုင်ခဲ့မှာပဲ။
"လွှတ်လိုက်"
လမင်းကဲ့သို့ အေးစက်နက်နဲသော အသွင်သဏ္ဍာန်သည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ပဲ့တင်ဟပ်လာသည်။ ထိုအသံသည် ရေခဲလို အေးစက်နေပြီး ဓားသွားကဲ့သို့ နက်ရှိုင်း၏။
"ဘာလဲ ဘာကြောင့်လဲ ငါ့ချစ်သူတစ်ယောက်လုံး ငါ့မျက်စိရှေ့တင် ဒီလိုဖြစ်သွားတာကို ငါက ဒီကောင်ကို လွှတ်ပေးရမယ် မင်းတို့အမှားကြောင့် ဒီလိုဖြစ်သွားတာကို ငါ…ငါက ခွင့်လွှတ်ပေးရဦးမှာလား"
