နံရံပေါ်သို့ ပြိုကျလာသော ချိုမြိန်ဖွယ် ထိုးနှက်ချက်များထဲ၌ ရင်ခုန်သံသည် တိုးဝှက်၍ ပုန်းကွယ်နေ၏။
အလုံပိတ် အခန်းထဲ၌ အေးစိမ့်စိမ့် လေများ တိုက်ခတ်နေပြီး ပြတင်းအပြင်မှ သစ်ကိုင်းခြောက်ပေါ်၌ ငိုတမ်းနေသော ငှက်ငယ်လေးသည် သူ့ကို အပြစ်တင်နေသည်ဟု ထင်မှတ်ရ၏။
အပြာရောင် ကောင်းကင်ထက်တွင် ရွေ့လျားနေသော အဖြူရောင် တိမ်လွှာများကဲ့သို့ သူ့နှလုံးသားသည် ခိုကိုးရာမဲ့ပြီး တစ်နေရာကိုသာ တိမ်းညွတ်ချင်နေသည် ။
တုန်ရီနေသော လက်များသည် ဝဲဘက်တစ်နေရာမှ လှုပ်ရှားမှုကို မှီနိုင်မည် မဟုတ်ပါ။
အစောတုန်းက ဂျောင်းဂုသည် ထိုလူ၏ နှုတ်ခမ်းများကို နမ်းရှိုက်ခဲ့ပြီးနောက် ထိုသူ၏ မျက်နှာကိုပင် ထိုးနှက်ခဲ့မိ၏။ ဂျောင်းဂုမှာ ရုတ်တရက် ထွက်ပေါ်လာသော ခံစားချက်များနောက်သို့ လိုက်၍ လုပ်မိခဲ့သည်မှာ ဖြစ်သော်လည်း ထိုသူမှာတော့ ဂျောင်းဂု၏ တဇွတ်ထိုး အပြုအမူများကို အပြစ်မဆိုခဲ့ပေ။ ဤသည်ကိုပင် သူ မုန်းတီးမိသည်။
သူက ဘာမို့လို့ လာပြီး ခွင့်လွှတ်ပေးနေရတာလဲ ။
"ဂျွန်ဂျောင်းဂု တံခါးဖွင့်စမ်း သေမလို့လား"
အပြင်ဘက်မှ တဒုန်းဒုန်း ထုနှက်ချက်များကြောင့် ဂျောင်းဂုသည် တံခါးကိုဖွင့်၍ သူ့လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော သစ်သီးထုပ်ကို အခန်းရှေ့တွင် ရပ်နေသော ပုဂ္ဂိုလ်ထံသို့ ပေးလိုက်သည်။ ဂျွန်ဆူအင်း၏ မျက်နှာမှာ ထိုအထုပ်ကို မြင်လိုက်ရသည့်အခါ ပျော်ရွှင် ဝမ်းမြောက်သွားတော့၏။
"အံမယ် တော်သား ငါမှာတာတွေ အကုန်ပါတယ်"
ထိုစကားကို ဂျောင်းဂု လျစ်လျူရှုလိုက်ပြီး တံခါးကို အသံမြည်သည့်အထိ ဆွဲပိတ်လိုက်သည်။ ခါတိုင်း သူနှင့် သူ့အစ်မမှာ မျက်နှာချင်းဆိုင် တွေ့လိုက်သည်နှင့် တကျက်ကျက် ရန်ဖြစ်မြဲဖြစ်သည်။ သို့သော် ယခုတွင် သူ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသောကြောင့် ရန်ဖြစ်ချင်စိတ်လည်း မရှိနေပါ။ ရှုပ်ထွေးနေသော စိတ်ကို အနားပေးဖို့ လိုနေသည့်အတွက် အေးအေးဆေးဆေး အနားယူဖို့ကိုသာ မျှော်လင့်နေမိ၏။
