ပရော့ဂျက်၏ အနှစ်ချုပ် စာရင်းကို ဥက္ကဋ္ဌအား တင်ပြရန်အတွက် ကိုယ်စားလှယ်အဖြစ် ဂျောင်းဂုကို အဖွဲ့သားများက တွေဝေမှုမရှိ ရွေးချယ်လိုက်ကြသည်။ သူတို့ ပါးစပ်မှ မပြောသော်လည်း သူတို့၏ စိတ်များထဲတွင် ဥက္ကဋ္ဌနှင့် ဂျောင်းဂုမှာ တစ်မျိုးမျိုး ပတ်သက်နေသည်ဟု တွေးနေကြမည်ဖြစ်သည်။ ဤသို့ အထင်ခံရမည်အား ဂျောင်းဂုမှာ အနည်းငယ်တော့ ရှက်စိတ် ဝင်မိ၏။ အမှန်ဆို သူနှင့် ထယ်ဟျောင်းကြားတွင် ပတ်သက်မှု တစ်စုံတစ်ရာ မရှိနေပါပေ။
ဥက္ကဋ္ဌ ရုံးခန်းရှိရာ ရှစ်လွှာသို့ တိတ်ဆိတ်စွာဖြင့် ဂျောင်းဂု တက်လာခဲ့သည်။ အတွင်းရေးမှူးနေရာနှင့် ဥက္ကဋ္ဌအခန်းကြားတွင် တစ်ကမ္ဘာခြားနေသည်ဟု ပြောရလောက်အောင် အကွာအဝေးမှာ ဝေးလွန်းနေသည်။ ဂျောင်းဂုသည် စိတ်ရှုပ်စွာ မျက်လုံး လည်လိုက်မိတော့၏။ အဲ့ဒီ အဓိပ္ပါယ်က အတွင်းရေးမှူးကို ဖိုင်ပေးပြီး သူထွက်လာလို့ မရတော့ဘူးဆိုတာပဲ။
"ကျွန်တော် ဂျွန်ဂျောင်းဂုပါ"
"ဝင်လာခဲ့"
ကြည်လင်သော စကားသံသည် တံခါး တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည့်အခါ ဂျောင်းဂုသည် တံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ ဝင်လျှင်ဝင်ချင်း ဂျောင်းဂုသည် သူ၏ ခါးထက်မှ နူးညံ့သော ထွေးပွေ့မှု တစ်ခုကို ခံစားရလိုက်၏။ သူနှင့် ထယ်ဟျောင်းမှာ အရပ် အနိမ့်အမြင့် တူညီသောကြောင့် ထယ်ဟျောင်း၏ နွေးထွေး ပူလျသော လေငွေ့သည် သူ၏ နားဆီသို့ ပွတ်ကာသီကာ ကျီစယ်နေတော့၏။
"တွေ့ချင်ခဲ့နေတာ Donna"
လေငွေ့သည် နွေးထွေးသည်။ သေးငယ်သော နာဗ်ကြောများကို ယားယံမှု ဖြစ်စေသည်။ ဂျောင်းဂုသည် မနေတတ်စွာ သူ့ခါးအား တင်းကျပ်စွာ နွယ်ပတ်ထားသော လက်များကြားမှ တိုးထွက်လိုက်၏။
"ကျွန်တော် စာရွက်စာတမ်းတွေ ယူလာပါတယ်"
"အခုချိန်မှာ အလုပ်လုပ်ဖို့ မလိုဘူး"
ဆွဲဆောင်မှုရှိရှိ ခပ်လေးလေး ပေါ်ထွက်လာသော လေသံသည် နူးညံ့ ပျော့ပျောင်းနေ၏။ ထယ်ဟျောင်းသည် ဂျောင်းဂုအား တိတ်ဆိတ်စွာ စိုက်ကြည့်ပြီးနောက် ထိုလူသား၏ ခန္ဓာကိုယ်အား တစ်ဖန် ဆွဲယူ၍ ပွေ့ဖက်လိုက်သည်။ ဂျောင်းဂု၏ ရုတ်ခြည်း တောင့်တင်းသွားသောကိုယ်မှာ ထယ်ဟျောင်းအား အပြုံးဖွဖွကို ဖြစ်ပေါ်လာစေ၏။