20 : LOVE

2K 246 39
                                    

you're part of the past, but now you're the future


ချယ်ရီပန်းဝေသော လမ်းထက် နာရီဝက်ကြာ လမ်းလျှောက်ပြီးနောက် ကြိုတင်ငှါးပြီးသား အိမ်သို့ သွားလိုက်ကြသည်။ ဂျောင်းဂုသဘောတိုင်းဆိုလျှင် အလုပ်မရှုပ်ရအောင် ဟိုတယ်တွင်သာ နေလိုက်မည်ဖြစ်သော်လည်း ထယ်ဟျောင်းမှာ သီးသန့်နေတတ်ပြီး လူများနှင့် ပတ်သက်လေ့မရှိသောကြောင့် သီးသန့်လုံးချင်းအိမ် ငှားလိုက်ခြင်းဖြစ်၏။ ထယ်ဟျောင်းကို သက်သောင့်သက်သာ ဖြစ်စေချင်တာလည်း ပါသည်။

အပန်းဖြေစံအိမ်ကို လူသွားလူလာ သိပ်မရှိသည့်တောင်ပေါ်တွင် တည်ဆောက်ထားပြီး ထို‌နေရာကို သွားရန် သွားရေးလာရေး ခက်ခဲသည်။ သို့သော် အေးချမ်းတိတ်ဆိတ်၍ ရှုခင်းကောင်းသောကြောင့် ‌နေထိုင်ရသည်မှာ အလွန်ကောင်း၏။ ကြမ်းတမ်းသော တောင်တက်လမ်းအဆုံးသို့ ရောက်ရှိသည့်အခါ စိမ်းစိုလှပသော သဘာဝတောင်တန်းများကြားမှ မြေနီလမ်းကိုတွေ့ရ၏။ ထိုလမ်းမှဆက်သွားလျှင် သူတို့ငှါးထားသော အပန်းဖြေစံအိမ်သို့ ရောက်မည်ဖြစ်သည်။

အစိမ်းရောင်တောင်တန်းများကို နောက်ခံထားပြီး ခရမ်းရောင် ကော့စ်မို့ပန်းများသည် စံအိမ်ဘေးပတ်လည်တွင် အနားသတ်ဝန်းရံထားသောကြောင့် ရှုခင်းမှာ အံ့မခန်းပင်။ တောင်တန်းများမှာ မျက်စိတစ်ဆုံး ရှိနေပြီး လေထုမှာလည်း သစ်လွင်လတ်ဆတ်လေ၏။ ဂျောင်းဂုသည် ရပ်ပြီး အပန်းဖြေစံအိမ်ကို ကျေနပ်စွာ ကြည့်ရှုလိုက်သည်။ သေသပ်လှပသော ရေညှိစိမ်းရောင် နှစ်ထပ်အိမ်ငယ်သည် သူတို့နှစ်ယောက်ကို အမြန်လာပါဟု နွေးထွေးစွာ ဖိတ်ခေါ်နေသယောင်။

ထို့နောက် ဂျောင်းဂုသည် ပစ္စည်းများချရန် ကားဆီသို့ ပြန်သွားလိုက်၏။ ဂျောင်းဂု အထုတ်အပိုးများချနေချိန် ထယ်ဟျောင်းမှာ ခရမ်းရောင်ပန်းများကို မျက်ဝန်းသေများဖြင့် တည်ငြိမ်စွာ ကြည့်နေသည်။ ဂျောင်းဂုသည် နောက်ဆုံးကျန်သောအိတ်ကို ဆွဲယူလိုက်ပြီး ထယ်ဟျောင်းအနားသို့ လျှောက်လာရင်း မေးလိုက်သည်။

"အစ်ကို ဒီပန်းတွေကို သိတယ်မလား"

ထယ်ဟျောင်းသည် ခေါင်းညိတ်လိုက်၏။

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now